တိုင်စာများ ပြန်လည်စိစစ်ရန် မွန်ပြည်နယ်အစိုးရကို သမ္မတရုံးညွှန်ကြား

0
537

နိုင်ငံတော်သမ္မတ၏ မွန်ပြည်နယ် ခရီးစဉ်အတွင်း လက်ခံရရှိခဲ့သည့် တိုင်ကြားစာများအနက်မှ တိုင်စာ အစောင် ၃၀ ကို ပြန်လည်စိစစ်ပေးရန် သမ္မတရုံးမှ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၈ ရက်တွင် ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“တိုင်စာတွေကို ပြန်စိစစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါတယ်၊ လောလောဆယ်တော့ အမှုတွဲ ၃၀ လောက်ရှိပြီ၊  နောက်ထပ်လည်း ရောက်ဖို့ရှိတယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံးမှ  ပေးပို့လာသည့် တိုင်ကြားစာ အစောင် ၃၀ ကို စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ ပြန်လည်တင်ပြ သွားမည်ဟုလည်း ၎င်းကပြောသည်။

“နိုင်ငံတော်သမ္မတရုံးက ပေးပို့လာတဲ့ တိုင်စာတွေကို အဖွဲ့ဖွဲ့ပြီး ပြန်လည်စိစစ် တာတို့ သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်း စစ်ဆေးစေတာတို့ လုပ်ဆောင်နေပါပြီ။ စစ်ဆေးတွေ့ရှိချက် ပေါ်ပေါက်ချက် သုံးသပ်ချက်တွေကို နိုင်ငံတော်သမ္မတရုံးကို ပြန်လည်ပေးပို့သွားမယ်” ဟု ဦးမြင့်သိန်းဝင်း က ဆိုသည်။

စိစစ်ရမည့် တိုင်စာ အစောင် ၃၀ ထဲတွင် မြေယာကိစ္စ၊ အဆောက်အဦဆောက်လုပ် သည့်ကိစ္စ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ၊ အမှိုက်ကိစ္စ စသည်တို့ပါဝင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က မွန်ပြည် နယ် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ် လွှတ်တော်၊ ဌာနဆိုင်ရာတို့နှင့် ပြည်နယ် ခန်းမတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ နိုင်ငံတော်သမ္မတခရီးစဉ် အတွင်း ပြည်သူလူထုထံမှ တိုင်ကြားစာ များကိုလည်း လက်ခံရယူခဲ့ရာ တိုင်ကြား စာ ၇၉ စောင်ထိ လက်ခံရရှိခဲ့ကြောင်းပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

 

ယဉ်စနိုင်း