ရန်ပုံငွေအခက်အခဲကြောင့် ထားဝယ်မြစ်ကူး တံတားအသစ် မဆောက်ဖြစ်သေး

0
450

ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ကို ဆက်သွယ်မည့် ထားဝယ်မြစ်ကူး တံတားအသစ်ကို ရန်ပုံငွေအခက်အခဲကြောင့် ယခုဘဏ္ဍာနှစ်တွင် မဆောက်နိုင်သေးကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
တံတားအသစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန်လျာထားသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် မဆောက်ဖြစ်သေးကြောင်း ဦးဝင်းမင်းထွဋ်က ပြောသည်။
အဆိုပါ လမ်းတွင် ပြည်သူများ သွားလာမှုများပြားသည့်အတွက် တံတားအသစ် ထပ်ဆောက်ရန် လမ်းဦးစီးဌာန ရုံးချုပ်က ကွင်းဆင်း တိုင်းတာရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင် နိုင်ရန် မှန်းထားကြောင်း ဦးဝင်းမင်းထွဋ် က ပြောဆိုခဲ့ဖူးသည်။
“၂၀၂၀ လောက်မှ စဆောက်ဖြစ် တော့မယ်ထင်တယ်၊ ဒီကြားထဲမှာ မြေပြင်စမ်းသပ်မှုတွေ ဆက်လုပ်နေမယ်”ဟု ၎င်းက ပြောသည်။
မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် လက်ရှိ ကမြောကင်း တံတားကြားတွင် ဆောက်လုပ်ရန် အလေး သာနေပြီး လက်ရှိတံတားပျက်စီးသွားပါက အစားထိုးဖြည့်ဆည်းနိုင်ရန် ရည်ရွယ် ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။
လက်ရှိ ကမြောကင်းတံတားမှာ ၂ လမ်းသွား အကျယ်ရှိသည့် တံတားဖြစ်ပြီး ၁၉၇၅ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ကာ ပွဲတော်ရက်ကဲ့သို့ အခါကြီးရက်ကြီးများတွင် တံတားပေါ်တွင် ယာဉ်သွားလာမှု များပြားကာ ဖြတ်သန်းသွားလာရန် အခက်အခဲများ ရှိနေသည်။
အသစ်ဆောက်မည့် တံတားကို သံကူကွန်ကရစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ငွေကျပ် ၄ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

 

ကိုဇော်