တောင်မင်းပြောင်ရွာက တာဝါတိုင် သတ်မှတ်ရက် ကျော်သည်အထိ မပြောင်းပေးသေးဟုဆို

0
673

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာရှိ တယ်လီနောဆက်သွယ်ရေး တာဝါတိုင်သည် ပြောင်းပေးရန် သတ် မှတ်ထားသည့်ရက်ကျော်နေသော်လည်း ပြောင်းရွှေ့ပေးခြင်းမရှိသေးကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းဖုန်းတိုင်ကို လွန်ခဲ့သည့် သုံးနှစ် ခန့်ကတည်းက စိုက်ထူထားခြင်းဖြစ်ပြီး ကျန်းမာရေး ထိခိုက်ခြင်းများ ရှိလာသည်ဟုဆိုကာ အဆိုပါဖုန်းတိုင်နားတွင် နေထိုင်သူ ဆယ်ဦးခန့်က ၂၀၁၈ ခုနှစ် မတ်လခန့် က မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားကြောင်း တိုင်းကြားရာတွင်ပါဝင်သည့် ဒေါ်မှုသက်ကပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ယင်းဖုန်းတိုင်းအား၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးထား ပြောင်းရွှေ့ပေးရန် တိုင်ကြားသူနှင့် တယ်လီနောမှ တာဝန်ရှိသူတို့ကို ညှိနှိုင်းပေးခဲ့ကြောင်း တောင်မင်းပြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းလတ်ကိုက ပြောသည်။

သို့သော် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်အထိ လာရောက်ပြောင်းရွှေ့ပေး ခြင်းမရှိသောကြောင့် တယ်လီနော ထားဝယ် တာဝန်ခံကို ယင်းလ ၁၁ ရက်တွင် စာဖြင့် ဆင့်ခေါ်ခဲ့လည်း လာရောက်ခဲ့ခြင်းမရှိ ကြောင်း ဦးဝင်းလတ်ကိုက ပြောသည်။

“ဖုန်းတိုင်နားမှာနေတဲ့သူတွေက ကျန်းမာရေးလည်းမကောင်းဘူးလေ။ ပွင့်လင်းရာသီလည်းရောက်နေပြီဆိုတော့ ထွက်ပေးမယ်ဆိုရင် ထွက်ပေးလို့ရနေပြီ” ဟု ဦးဝင်းလတ်ကိုက ဆိုသည်။

ယင်းတာဝါတိုင်ကို အခြားနေရာ တစ်ခုတွင် ပြောင်းဆောက်နိုင်ရေးခွင့်ပြု ချက်ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် နေရာပြောင်းရန် ခွင့်ပြုချက် ရရှိပြီဖြစ်သောကြောင့် ဇန်န၀ါရီလအတွင်း ပြောင်းနိုင်ရန် လုပ်ဆောင်နေကြောင်း တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။

“ပြောထားတဲ့အချိန် နည်းနည်းလေး တော့ကြာသွားတယ်ပေါ့နော်။ ဒါပေမယ့် မလုပ်ဘဲနေတာတော့မဟုတ်ဘူး။ ဒီလုပ်ငန်း စဉ်တွေကို လုပ်နေပါတယ်။ ရက်အနည်း ငယ်နောက်ကျတဲ့အတွက်ကြောင့် (သက်ဆိုင် သူတွေကို) တောင်းပန်ပါတယ်” ဟု ၎င်း က ဆိုသည်။

ကျော်သူစိုး