အသံစုံလှသည့် စုံညီပွဲတော်များ

0
1281

ဇန်န၀ါရီလဆန်းသည် ကျောင်းသား ကပွဲကာလ ဖြစ်လာပါသည်။ ရပ်တိုင်း ရွာတိုင်းမှ စာသင်ကျောင်းတိုင်း၏ ဇန်န၀ါရီည တစ်ည၏ မီးရောင်အောက် တွင် အသံချဲ့စက်သံ လှိုင်လှိုင်ကြား ကျောင်း သူကျောင်းသားများ ကခုန်နေသည်ကို တွေ့ကြရပါလိမ့်မည်။
ကပွဲစင် နောက်ခံတွင် ရေးထားမည့် စာလုံးက “ပညာရေး စုံညီပွဲတော်” ။ စင်ပေါ် မှ ကျောင်းသူကျောင်းသားလေးတို့ ပျော်ရွှင်စွာ၊ မြိုင်ဆိုင်စွာ ချစ်စဖွယ် ကခုန်နေကြပါလိမ့်မည်။
ကန့်လန့်ကာ နောက်တွင်မူ . .။
ထိုပွဲတော်များ ကျင်းပရေးအတွက် ပညာရေးဝန်ကြီးမှ ကျောင်းအနေအထား အလိုက် ကျပ်တစ်သိန်းခွဲမှ ငါးသိန်းအထိ ထောက်ပံ့ပေးလာသည်မှာ ယခုနှစ်ပါဆိုလျှင် ၄ နှစ်ရှိပြီဟု တိုင်းပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။
ကျောင်းများက စုံညီပွဲတော်ကို သူ့ ကျောင်းကိုယ့်ကျောင်း ခမ်းနားကြီးကျယ် နိုင်သမျှ အပြိုင်အဆိုင် ကျင်းပလာကြရာ ထိုထောက်ပံ့ငွေကိုသာ အသုံးပြုကာ စုံညီပွဲ တော် ကျင်းပပြီးစီးသွားသည့်ကျောင်း မကြားမိပေ။
ထိုအခါ အချို့ကျောင်းများက ရန်ပုံငွေရရန် ထိုင်ခုံနေရာ ရောင်းချခြင်း၊ ပွဲဝင်ကြေးလက်မှတ်များ ရောင်းချခြင်း၊ ကျောင်းသူ ကျောင်းသားများကို ဆုချရန် ပန်းကုံးရောင်းချခြင်းများ ပြုလုပ်လာ ကြသည်။
တချို့ကျောင်းများက စုံညီပွဲတော် ကို အမှီပြုကာ ကျောင်းအတွက် ရန်ပုံငွေပင် ရှာလိုက်သေးသည်ဟူ၏။
မြိတ်မြို့ အထက(ခွဲ)ကျောင်းတစ် ကျောင်းတွင် စုံညီပွဲတော်ကျင်းပခဲ့ရာ ထိုင်ခုံနေရာ ၇၀၀ ကျော်ကို တစ်ခုံ ၁၀၀၀ ကျပ်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ပန်းကုံးရောင်း သည်ပင် ၃ သိန်းခန့်ရကြောင်း ထိုကျောင်း ၏ ကျောင်း အကျိုးတော်ဆောင်တစ်ဦးက ပြောသည်။
“ဆရာ/ဆရာမတွေနဲ့ ကျောင်း ကော်မတီပေါင်းပြီး ရန်ပုံငွေရှာတဲ့ပွဲပဲ။ ဒီကရတဲ့ ငွေနဲ့ပဲ ကျောင်းအတွက် လိုအပ်တာတွေ ဖြည့်ဆည်းရတယ်”ဟု ၎င်းကျောင်းအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။
ထိုစုံညီပွဲတော်တွင် ကျောင်းသူ ကျောင်းသားများက ကခုန်ကြရာ ကျောင်း သားမိဘများကလည်း ကျောင်းသူ ကျောင်းသားတို့ အကဝတ်စုံဖိုး ကုန်ကျသည့်အပြင် ကိုယ့်သားသမီးကသည်ကို မြင်လိုသဖြင့် ထိုင်ခုံနေရာဖိုးပါ ထပ်ပေးကြရလေသည်။
စုံညီပွဲတော်၏ အနှစ်သာရက မည်သို့နည်း။
ပညာရေး၏ အမှတ်သင်္ကေတ သုံးနားညီတြိဂံ ကျောင်းသား၊ မိဘ၊ ဆရာ တို့ စုံညီစွာတွေ့ဆုံကာ ပညာရေးကိစ်္စ များ၊ ကျောင်းတွင်းကိစ်္စများ၊ မကျေလည်မှု များ၊ ဂုဏ်ပြုဖွယ်ရာများ စသဖြင့်တို့ကို ပွင့်ပွင့်လင်းလင်း ခေါင်းချင်းဆိုင်ဆွေးနွေးကြ၊ အကောင်းဆုံးကို အဖြေထုတ် ကြသည့်ပွဲဟု အချို့က အဓိပ်္ပာယ်ဖွင့်ကြ သည်။
“ကျောင်းသား၊ မိဘ၊ ဆရာတို့ စုံစုံညီညီ တွေ့ဆုံပွဲကို စုံညီပွဲတော်လို့ခေါ် တယ် ယူဆတယ်၊ ကျောင်းသားမိဘဆရာ ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့ လှုပ်ရှားမှု တစ်ခုလို့ အဲ့လိုတော့ ထင်ပါတယ်”ဟု သရက်ချောင်းမြို့နယ်မှ အ.ထ.က သရက်ချောင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးသစ်လွင်က ပြောသည်။
ထိုစုံညီ တွေ့ဆုံပွဲပြီးလျှင် ကျောင်းသား ကျောင်းသူများက မိမိတို့ တတ်ကျွမ်းထားသော အနုပညာဖြင့် မိဘနှင့် ဆရာတို့ကို စွမ်းရည်ပြ ဖျော်ဖြေကြသည် ကို မိဘများ၊ ဆရာဆရာမများက အတန်းအစား မခွဲခြားဘဲ ကြမ်းတစ်ပြေးတည်း ရင်းရင်းနှီးနှီး အားပေး လက်ခုပ်တီးကြမည် ဖြစ်သည်။
“စုံညီပွဲတော်ဆိုတာက မိဘ၊ ဆရာ၊ ကျောင်းသားတွေ စုံစုံညီညီ တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများရဲ့ စွမ်းရည်တွေ ပြသပြီးတော့ တစ်နှစ် ပတ်လုံး ကာယ၊ ဥာဏစွမ်းရည်တွေကို ထူးချွန်ကျောင်းသားတွေကို ဆုချီးမြှင့်တဲ့ပွဲ ဖြစ်တယ်”ဟု တိုင်းပညာ ရေးမှူးရုံး ဒုတိယညွှန် ကြားရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။
ကလေးများ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်း လျော့နည်းစေရေးနှင့် သင်ယူတတ်မြောက်မူနှုန်း မြင့်မားလာ စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘပူ ပေါင်းကာ ပျော်ပွဲရွင်ပွဲ စုံညီပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုပွဲမျိုးကို လက်မှတ်ပါမှ ၀င်ရမည်၊ ထိုင်ခုံကြေးရှိမှ ၀င်ရမည်ဆိုသည့်အပေါ် အချို့ကျောင်းသားမိဘများက မနှစ်မြို့ ကြပေ။
မိဘများအနေဖြင့် မိမိသားသမီး စုံညီပွဲတော်တွင် ပါဝင် ဖျော်ဖြေမည်ဆို ပါက လက်ရှိခေတ်အခြေအနေအရ ပွဲပြီး တဲ့အထိ ငွေကျပ် ၁ သိန်းခန့်ကုန်ကျပြီး မိဘရော ကျောင်းသားပါ ပင်ပန်းရကာ ပညာရေးအတွက် အထောက်အကူမဖြစ် ဟု မသန္တာက ရှုမြင်သည်။
တချို့ကလည်း စုံညီပွဲတော်များ တွင် ပါဝင်ရခြင်းအားဖြင့် မိမိသားသမီး ကို စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပြီး ပူး ပေါင်းဆောင်ရွက်တတ်ရန်၊ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ ရှိလာမည်ဟု ယူဆကြသည်။
ထိုသို့ ပါဝင်ခွင့်ရမှုအတွက် မိမိ၏သားသမီးသည် အခြားကျောင်းသားများ နှင့် တန်းတူအခွင့်အရေးရချင်ကြောင်း ကျောင်းသားမိဘအချို့ ဖွင့်ဟကြသည်။
“ကိုယ်သားသမီးကဘယ်လောက် ရုပ်ဆိုးနေပါစေ၊ ဘယ်လောက်ဆင်းရဲနေ ပါစေ သူများနဲ့ တန်းတူမြင်ချင်တယ်။ သူကချောလို့ စာတော်လို့၊ ချမ်းသာလို့၊ ရင်းနှီးလို့ စုံညီပွဲမှာ ရွေးခံရတယ်ဆိုပြီး ဘက်လိုက်မှုတွေ ဖြစ်ရင်တော့ ဘယ်မိဘမဆို စိတ်ထဲ ကျေနပ်မလဲ၊ စိတ်ထဲ ဘယ်ကောင်းမလဲ”ဟု ပုလောမြို့နယ် ဇရက်ဆိပ်ရွာမှ မစန်းစန်းဝေက ပြောသည်။
လက်ရှိကျင်းပနေသည့် စုံညီပွဲတော်များက ရည်ရွယ်ချက် ဝေဝါးကာ ကျောင်းအချင်းချင်း ဂုဏ်ပြိုင်သည့်ဘက် ရောက်လာကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
“ပညာရေးနဲ့ ပတ်သက်ပြီး သိပ်တော့ မထူးဘူးထင်တယ်၊ ခုက စာပြိုင်တာထက် ဂုဏ်ပြိုင်သလိုပဲ မြင်တယ်၊ ကျောင်းချင်း ပြိုင်သလို ထပ်ဖြစ်သေးတယ်”ဟု အောင်သုခရပ်မှ ဦးမောင်က ပြောသည်။
ယခင်က ပညာရေးစုံညီပွဲတော်များ ကို ကျောင်းတိုင်းတွင် နှစ်စဉ် ခမ်းခမ်း နားနား ကျင်းပလေ့ မရှိခဲ့ဘဲ ရပ်ရွာ၏ စီးပွားရေး အခြေအနေ၊ မိဘ ဆရာ ဆရာမတို့၏ တက်ကြွလိုလားမှုတို့အပေါ် အခြေခံကာ ရွာလုံးကျွတ် နှီးနှောတိုင်ပင်ပြီး အခါအားလျော်စွာ ကျင်းပခဲ့ကြသည်။
ထိုသို့ ကျင်းပရာတွင်လည်း ကျောင်း တိုင်းတွင် ကျင်းပခြင်း မဟုတ်သည့်အတွက် အပြိုင်အဆိုင်နည်းကာ ကျောင်းအချင်း ချင်း လိုအပ်သည်များ ပံ့ပိုးခဲ့ကြသည်။
ကျောင်းသူကျောင်းသားတို့ ကလည်း ဆရာဆရာမတို့၏ ဦးဆောင်မှုဖြင့် ဇာတ်လမ်းတိုများ၊ တေးသရုပ်ဖော်များ တွင် အစုအဖွဲ့လိုက် ပါဝင်ခွင့်ရကာ ယင်း အတွက် အဝတ်အထည် သီးခြားဝယ်ရခြင်း မျိုး ရှားလှသည်။ မိမိတို့တွင် ရှိသည့်အ၀တ် ဖြင့် ပါဝင်ခွင့်ရရန် ဆရာဆရာမတို့က စီစဉ်ပေးတတ်သဖြင့် မိဘတို့ကလည်း ငွေကုန်ကျမှုအတွက် ခေါင်းစားစရာ မလိုခဲ့ပေ။
ဇာတ်စင်ကိုလည်း ရွာထဲမှ ရရာ သစ်ဝါးငှားရမ်း၊ ကျောင်းမှ ခုံများဖြင့် အလျဉ်းသင့်သလို ၀ိုင်းဆောက်ကြပြီး နေ့ဘက်တွင်သာ ကျင်းပလေ့ ရှိခဲ့သည်။
ယခုမူ ညဘက်တွင်သာ ရောင်စုံ ပိတ်ကား၊ ဆလိုက်မီးများဖြင့် ထည်ထည်ဝါဝါ ကျင်းပလာကြပြီး ယင်းသို့ ကျင်းပ ပေးရန် မိဘအချို့ကပင် တောင်းဆိုလာ ကြောင်း ဆရာဆရာမတို့က ပြောကြသည်။
“မိဘတွေက နေ့ဘက်ဆို မအားကြ ဘူး။ သူတို့သားမီးတွေ လှလှပပ ပြင်ဆင်ထားတာကို ကြည့်ချင်ပါတယ် ဆိုပြီး ညဘက် လုပ်ပေးဖို့တောင်းဆိုလာ ကြတယ်”ဟု လောင်လုံးမြို့နယ် ထိန်တွင်းမူလွန် ကျောင်းအုပ်ဆရာမက ပြောသည်။
ထိန်တွင်းရွာတွင် စုံညီပွဲတော် ကျင်းပသည့်ည၌ ရှေ့ဆုံးတန်းတွင် ဖေ့စ် ဘုတ်(Facebook)မှ တစ်ဆင့် တိုက်ရိုက်လွှင့်သူ ဆရာမတစ်ယောက် တွေ့ရပါလိမ့်မည်။
နိုင်ငံခြားရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြသော ကျောင်းသား မိဘများအတွက် ဖြစ်သည်။
“အခု ဘာတစ်ခုတိုးပြီးလုပ်နေရလဲ ဆို ဖုန်းနဲူ့ငလန လွှင့်ဖို့ ဆရာမတစ် ယောက်ကို သီးသန့်ထားပေးထားရတယ်။ သူ့သားသမီးတွေ လှလှပပပြင်ဆင်ထား တာကြည့်ပါစေဆိုပြီး ဖုန်ဘေ အပြည့်ထည့် ပေးပြီး ရှေ့ဆုံးမှာ နေရာယူခိုင်းထားတယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
ထိုသို့ …ယခုနောက်ပိုင်းတွင် စုံညီ ပွဲတော်များ ကျောင်းတိုင်းတွင် နှစ်တိုင်း ကျင်းပလာကြသည်။
အသံလည်း စုံလှပါသည်။
မိဘများကလည်း ပန်းကုံးကြေး၊ ထိုင်ခုံ နေရာကြေး၊ ဝင်ကြေး၊ ကပွဲပါ ကျောင်းသား ကျောင်းသူများအတွက် အ၀တ်အထည် နှင့် အလှပြင်ကြေးများအကြောင်း၊ ကျောင်းအကျိုးတော်ဆောင်တို့နှင့် ဆရာဆရာမတို့ကလည်း အင်မတန်မှ ပင်ပန်းရကြောင်း ညည်းညူသံစုံများကြား စုံညီပွဲတော်များ နှစ်စဉ် ခရီးဆက်နေပါ လိမ့်ဦးမည်။

တနင်္သာရီသတင်းအဖွဲ့