စည်းပျက် ဒရွတ်ဆွဲ ကမ်းဝေး ငါးဖမ်းလှေ ၁၀ စီးကို စစ်ဆေးမည်

0
418

ကမ်းနီးရေပြင်အတွင်း ငါးခိုးဖမ်းသည့် စည်းကမ်းပျက် ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ ၁၀ စီးအား ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးမြင့်ရွှေက ပြောသည်။
အဆိုပါ စည်းပျက် ကမ်းဝေးငါးဖမ်း လှေ ၁၀ စီးကို ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက သက်သေအထောက်အထားများဖြင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တိုင်ကြားထား ခြင်းဖြစ်သည်။
“ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးရတဲ့အတွက် ဆင်တူယိုးမှားလှေတွေလည်း အများကြီးရှိတဲ့အတွက် စာရင်းဇယားအရ ဆွဲထုတ်ပြီး တစ်စီးချင်းအသေးစိတ်ပြန် စစ်မယ်” ဟု ဒု-တိုင်းဦးစီးမှူး ဦးမြင့်ရွှေက ပြောသည်။
ကမ်းဝေးငါးဖမ်းလှေ ၁၀ စီးမှ ကမ်းနီး ရေပြင်သို့ ဥပဒေမဲ့ဝင်ရောက်ငါးဖမ်းဆီးခဲ့ခြင်းအပေါ် ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားလာခြင်းကိစ္စအတွက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန တာဝန်ရှိသူများ၊ တိုင်း/ခရိုင် ငါးလုပ် ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ရေလုပ်ငန်း ရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ သည် ဇန်န၀ါရီလ ၁၄ ရက်က မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတွင် တွေ့ဆုံခဲ့ကြ သည်။
“စစ်ဆေးဖော်ထုတ်မယ်ဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ ထိရောက် မှုရှိတာပေါ့”ဟု တိုင်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။
ဥပဒေအရ စစ်ဆေးဖော်ထုတ်မည် ဆိုပါက ကျန်ရှိနေသည့် စည်းပျက်ကမ်းဝေး ငါးလှေများအား သက်သေအထောက် အထားများနှင့်တကွ ထပ်မံတင်ပြသွား မည်ဖြစ်ကြောင်း ဦးဇော်ဟိန်းက ဆိုသည်။
“ဝန်ခံရင် ဥပဒေအရ ပြစ်ဒဏ်ချခံ ရမယ်။ ဝန်မခံဘူးဆိုရင် သံသယရှိ ဖြစ်နိုင် ဖွယ်ရှိကြောင်းကို ပြန်လည်တင်ပြသွားမယ်” ဟု ဦးမြင့်ရွှေက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ကမ်းဝေး ငါးဖမ်းလှေများမှာ ကမ်းနီးရေပိုင်နက် အတွင်းသို့ သားငါးများဝင်ရောက်ခိုးဖမ်းမှုများ ရှိနေကြောင်း ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။