အ.ထ.က ၂ ထားဝယ် အသက်ကြီး အငြိမ်းစားဆရာ၊ ဆရာမများအား လစဉ် အလှည့်ကျ ထောက်ပံ့မည်

0
490

အ.ထ.က ၂ ထားဝယ်ကျောင်း၏ အသက်ကြီး အငြိမ်းစား ဆရာ၊ ဆရာမများအား လစဉ်အလှည့်ကျ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ယင်းကျောင်း၏ ကျောင်းသူကျောင်းသားဟောင်းများထံမှ သိရသည်။
သက်ကြီးအငြိမ်းစားဆရာ၊ ဆရာမများအား တစ်လလျှင် ၅ ဦးမှ ၇ ဦးခန့်အထိ ရွေးချယ်ကာ ငွေကျပ် ငါးသောင်းစီ ထောက်ပံ့ မည်ဖြစ်ကြောင်း DRT အဖွဲ့ထံမှ သိရသည်။
သက်ကြီးအငြိမ်းစားဆရာ၊ ဆရာမများ အား ထောက်ပံ့နိုင်ရန် DRT (Dawei B.E.H.S-2 Alumini Donation for Retired Teacher) အဖွဲ့ကို ကျောင်းသူကျောင်း သားဟောင်းများဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိအချိန်တွင် အသက် ၆၀ ကျော် မှ အသက် ၉၀ ကျော်အထိ အသက်ကြီးဆုံးနှင့် ကျန်းမာရေးချို့တဲ့သည့် အငြိမ်းစား ဆရာ၊ ဆရာမ ၇၉ ဦးကို စိစစ်ရွေးချယ် ထားပြီး အသက် ၉၇ နှစ် ဆရာတစ်ဦးနှင့် အသက် ၉၁ နှစ်ခန့် ဆရာမတစ်ဦးကိုမူ သက်ရှိပင်စင်သဘောမျိုးဖြင့် လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း DRTအဖွဲ့ထံမှ သိရသည်။
အခြား ဆရာ၊ ဆရာမမ များကိုမူ အလှည့် ကျဦးစားပေးစနစ်ဖြင့် အဖွဲ့ဝင်များမှ ရွေးချယ်စိစစ်ကာ လစဉ် ဆရာ၊ ဆရာမ ၅ဦးမှ ၇ ဦးခန့် အထိကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း (DRT) အဖွဲ့ထံမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူဟောင်း တစ်ဦးလျှင် တစ်လ ကျပ်၁၀၀၀ဖြင့် ပါဝင် လှူဒါန်းနိုင်ပြီး စေတနာအလျောက် အနည်းအများမဆို မတည်လှူဒါန်းငွေထည့်ဝင်နိုင်ကြောင်း (DRT) အဖွဲ့မှ အတွင်းရေးမှူး ဖြစ်သူ ဦးထွေးလတ်က ပြောသည်။
“ အဓိက ကျွန်တော်တို့ကို သင်ပေးတဲ့ ဆရာ၊ ဆရာမတွေကို မပစ်ပယ်ဘဲနဲ့ ထိတွေ့နေတယ်ဆိုတာလည်း ဖြစ်စေချင်တယ်၊ နိုင်တဲ့အင်အားနဲ့ ပြန်ပြီးတော့ ကြည့်ရှု စောင့်ရှောက်တယ်ဆိုတာထက် ကျောင်းသူ၊ ကျောင်းသားတွေကနေပြီး ကျေးဇူးဆပ် တာပေါ့”ဟု ဦးထွေးလတ်က ဆိုသည်။
ယခု လာမည့် ဇန်နဝါရီလ တတိယ အပတ်တွင် လစဉ်ထောက်ပံ့ရန် စီစဉ်ထားသည့် ဆရာ၊ ဆရာမ နှစ်ဦးနှင့် ရွေးချယ်ထားသည့် ဆရာ၊ ဆရာမ နှစ်ဦးကို အဖွဲ့ဝင်များ နှင့်အတူ ပါဝင်လှူဒါန်းထားသည့် ကျောင်းသူ ကျောင်းသားများက ဆရာ၊ ဆရာမများ နေထိုင်သည့် အိမ်များသို့ သွားရောက် ထောက်ပံ့ လှူဒါန်းမည်ဖြစ်ကြောင်း DRT အဖွဲ့ထံမှ သိရသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ပင်တိုင် ဆရာ၊ ဆရာမ နှစ်ဦးအား ထောက်ပံ့လှူ ဒါန်းခဲ့ပြီး ဒီဇင်ဘာလတွင် ဆရာ၊ဆရာမ ၅ဦးကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း DRT အဖွဲ့ထံမှ သိရသည်။

 

မိုးမြင့်