မြို့တော်ခန်းမ၊ ခြင်းလုံးအားကစားရုံ၊ ဧည့်ရိပ်သာလုပ်ငန်း စာရင်းစစ်ပြီး၊ လာမည့်လွှတ်တော်တွင် တင်ပြရန်အသင့်

0
406

၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ပုလောမြို့တော်ခန်းမ၊ ထားဝယ်ခြင်းလုံးအားကစားရုံ၊ နေပြည်တော်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်ဧည့်ရိပ်သာ တည်ဆောက်ရေး လုပ်ငန်းများအား စာရင်းစစ်ပြီးဖြစ်ကာ လာမည့်တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်ပြရန် အဆင်သင့်ဖြစ်ပြီဟု တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတာဝန်ရှိသူများထံမှ သိရသည်။

ယင်းလုပ်ငန်းများမှာ စာရင်းစစ်ချုပ်မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကာ အနီးစပ်ဆုံး တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြန်လည်တင်ပြပေးရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောခဲ့သော လုပ်ငန်းများ ဖြစ်သည်။

“စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ (အထက်ပါလုပ်ငန်းတွေကို) Estimate (ခန့်မှန်းခြေစာရင်း) မရှိဘဲ ဆောက်လုပ်ခွင့် ပြုထားတယ်ဆိုတာ တွေ့ရှိရပါတယ်”ဟု ဦးကြည်စိုးက လွှတ်တော်တွင်ပြောခဲ့သည်။

တိုင်းဒေသကြီးစာရင်းစစ်ရုံးက တင်သွင်းခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုအစီရင်ခံစာအပေါ် တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ စစ်ဆေးတွေ့ရှိချက်အား လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ချိန်တွင် အထက်ပါလုပ်ငန်း ၃ ခု မှာ စာရင်းစစ်ချုပ်ရုံးက စစ်ဆေးနိုင်ခြင်းမရှိ ဖြစ်နေကြောင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ စာရင်းစစ် ချုပ်အနေဖြင့် ထိုလုပ်ငန်းအသေးစိတ်ကို ပြန်လည်စိစစ်ပြီး တင်ပြရန် ကော်မတီက တောင်းဆိုခဲ့ပြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက အထက်ပါအတိုင်း အဆုံးအဖြတ်ပေးခဲ့ ခြင်း ဖြစ်သည်။

၂၀၁၆-၁၇ စာရင်းစစ်ခဲ့စဉ်က အထက်ပါလုပ်ငန်း ၃ ခုအား ကုမ္ပဏီဘက် မှ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီထံ လုပ်ငန်းခန့်မှန်းခြေစာရင်း အတည်ပြုရန် တင်ပြထားဆဲ ဖြစ်သောကြောင့် စာရင်းမစစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံး တာဝန်ရှိသူများက ပြောသည်။

စာရင်းစစ်ချုပ်ရုံး၏ လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာတည်ဆောက် ရေးလုပ်ငန်းစိစစ်ရေးကော်မတီများမှ ခန့်မှန်းခြေစာရင်း အတည်ပြုထားပြီးသော လုပ်ငန်းများ၊ လုပ်ငန်းပြီးစီး၍ သက်ဆိုင် ရာဌာနသို့ တရားဝင် လွှဲပြောင်းအပ်နှံပြီး သော လုပ်ငန်းများကိုသာ စာရင်းစစ်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

“(အဲဒီလုပ်ငန်း ၃ ခုက)ခုတော့ အတည် ပြုချက်လည်းရပြီ၊ လုပ်ငန်းလည်း အပ်နှံပြီးပြီဆိုတော့ စစ်လို့ပြီးပါပြီ”ဟု တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူက ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပုလောမြို့တော်ခန်းမအား ကျပ်သိန်း ၅၈၀ ဖြင့်လည်းကောင်း၊ ထားဝယ်ခြင်းလုံး အားကစားရုံအား ကျပ်သိန်း ၅၀ ဖြင့် လည်းကောင်း Global Grand ကုမ္ပဏီ က ဆောက်လုပ်ခဲ့ပြီး နေပြည်တော်ရှိတိုင်း အစိုးရအဖွဲ့ပိုင်ဧည့်ရိပ်သာကို ကျပ် ၁၂၆၅ ဒဿမ ၅ သိန်းဖြင့် သိန်းကမ္ဘာကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းသုံးခုကို တနင်္သာရီ တိုင်းအစိုးရအဖွဲ့က Global Grand Service ကုမ္ပဏီသို့ တင်ဒါလုပ်ထုံးလုပ် နည်းများအား မလိုက်နာဘဲ လက်ရပေးအပ်ခဲ့သည်ဟု တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက 7 Day နေ့စဉ် သတင်းစာသို့ ယခုလအတွင်း ပြောဆိုထားသည်။

ယင်းလုပ်ငန်းသုံးခုကို လုပ်ဆောင်ခဲ့ သည့် ကုမ္ပဏီနှစ်ခုမှာ နာမည်မတူ သော်လည်း ပိုင်ရှင်မှာတစ်ဦးတည်း ဖြစ် ကောင်းဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူက ပြောသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးနေသည့် Global Grand Service ကုမ္ပဏီနှင့် သိန်းကမ္ဘာဆောက် လုပ်ရေးကုမ္ပဏီတို့သည် Global Grand Group ကုမ္ပဏီများ အုပ်စု၏ ကုမ္ပဏီများ ဖြစ်သည်။

ယင်း GGG ကုမ္ပဏီအုပ်စုတွင် Global Grand Engineering ကုမ္ပဏီ၊ Global Grand Trading ကုမ္ပဏီ စသော ကုမ္ပဏီများလည်း ပါဝင်သည်။

 

Dawei Watch