တနင်္သာရီဂျာနယ်အမှု ဇန်န၀ါရီလ ၂၄ ရက် အမိန့်ချမည်

0
531

တနင်္သာရီဂျာနယ်တွင် သရော်စာ ရေးသားဖော်ပြမှုကြောင့် တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှုကို ဇန်န၀ါရီလ ၂၄ ရက်တွင် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီးက ပြောသည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ၀န်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် တိုင်း အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေး မှူးက ထားဝယ်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တရားစွဲဆိုခဲ့ သည့်အမှု ဖြစ်သည်။

အဆိုပါအမှုကို ဇန်န၀ါရီလ ၁၀ ရက် ၃၃ ကြိမ်မြောက်ရုံးချိန်းတွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ပေးပြီးနောက် ဇန်န၀ါရီလ ၂၄ ရက်တွင် အမိန့်ချရန် ထားဝယ် မြို့နယ်တရားရုံးက ချိန်းဆိုလိုက်ခြင်း ဖြစ် သည်။

“နောက်လာမယ့် ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်ရန်အတွက် ချိန်းဆိုထားပါ တယ်”ဟု ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း အမိန့်ချမှတ်မည်ဆို ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ဒဏ်ငွေချမှတ်ခံရ မည် ဖြစ်သည်။

အမှုတွင် တရားလိုတိုင်းအစိုးရဘက် မှ တရားလိုပြသက်သေ ၂ ဦးနှင့် တနင်္သာရီဂျာနယ်ဘက်မှ တရားခံပြ သက်သေ ၆ ဦးကို စစ်ဆေးခဲ့သည်။

တိုင်းအစိုးရဘက်က တင်သွင်းခဲ့ သည့် တရားလိုပြသက်သေ ၂ ဦး စလုံးမှာ လွတ်လပ်သော အရပ်သား သက်သေတစ် ဦးမျှ ပါဝင်ခြင်း မရှိဘဲ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး၏ ယာဉ်မောင်းတစ်ဦးနှင့် လက်ရှိ အာဏာရပါတီတွင် တာဝန်ထမ်းဆောင် နေသူတစ်ဦးတို့ဖြစ်နေသည်ဟု တနင်္သာရီဂျာနယ်ဘက်က ထည့်သွင်း လျှောက်လဲခဲ့ သည်။

မဲဆွယ်အပြုံးသရော်စာသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းချက်များအရ လွတ်လပ်စွာဝေဖန်၊ ထောက်ပြ အကြံပြုရေးသားခြင်းသာဖြစ် ပြီး ပြစ်ဒဏ်မကျသင့်ကြောင်း လျှောက်လဲ ခဲ့သည်ဟု တနင်္သာရီဂျာနယ်ဘက်မှ အမှု လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဒေါ်အေးမွန်သူက ဆို သည်။

အမှုတွင် တရားလို၊ တရားခံ၊ တရား လိုပြသက်သေနှင့် တရားခံပြသက်သေ များ၏ ထွက်ဆိုချက်များအရ ထိခိုက်နစ် နာစေသည်ဟု အကျိုးအကြောင်း ခိုင်မာမှု မရှိခြင်းတို့ကြောင့် တရားစီရင်ရေးဆိုင်ရာ စံနမူနာကောင်းနှင့် မဏ္ဍိုင်တစ်ရပ်ကို အခြားမဏ္ဍိုင် တစ်ရပ်က လွှမ်းမိုးမှု မရှိရေး ဆိုသည့် မူဝါဒနှင့် ကျင့်စဉ်များအရ အမှုမှ အပြီးအပြတ်လွှတ်သင့်သည်ဟူ၍လည်း လျှောက်လဲခဲ့ကြောင်း ဒေါ်အေးမွန်သူက ဆိုသည်။

လက်ရှိအမှုတွင် တရားရုံးအနေဖြင့် ပြဋ္ဌာန်းဥပဒေများအပြင် ကျင့်ဝတ်နှုန်းစံ များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားမည်ဟု မျှော်လင့်ကြောင်း တနင်္သာရီ ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

“တရားသူကြီးရဲ့ ဆင်ခြင်တုံတရား ၊ ဥာဏ်ပညာကြီးမားမှု၊ လက်ရှိ အခင်း အကျင်းအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားမှုအပေါ်မှာ မူတည် တယ်”ဟု ဦးမျိုးအောင်က ပြောသည်။

အမှုတွင် တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးမြင့်ကျော်၊ သရော်စာ ဆရာ ဗြိတိသျှကိုကိုမောင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ်္ဂိုလ်များ၊ စာဖတ် ပရိသတ်များ စုစုပေါင်း ၆ ဦးကို တရားခံ ပြသက်သေအဖြစ် တင်သွင်း အစစ်ခံခဲ့ သည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာ ဖြစ်ပြီး ယင်း တရားစွဲဆိုမှုမှာ တနင်္သာရီတိုင်းအတွင်း NLD အစိုးရ လက်ထက်မီဒီယာကို ပထမဆုံး တရားစွဲဆိုမှု ဖြစ်သည်။

 

ကိုဇော်