ခေတ်အဆက်ဆက် သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် မြို့မိမြို့ဖများ တောင်းဆို

0
364

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် စုပေါင်းရုံးလမ်းတွင်ရှိသည့် ခေတ်အဆက်ဆက် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် ကော့သောင်းမြို့မိမြို့ဖ များက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်း ယခင်လူငယ်ရိပ်သာဖြစ်မြောက်ရေးကော်မတီ ယခု မြို့မိမြို့ဖများက ဆိုသည်။
နွေရာသီတွင် ဘင်ခရာသင်တန်းများ သင်ကြားနိုင်ရေး၊ ဘင်ခရာပစ္စည်းများ ထိန်းသိမ်းမည့် အဆောက်အအုံအဖြစ် လိုအပ်လျက်ရှိသည့်အပြင် လူငယ်လူရွယ် အမျိုးသမီး အမျိုးသားများ ဂီတအနုပညာ ဘာသာရပ်များ အဆိုလေ့ကျင့်မူများ သင်ကြားပို့ချပေးမည့် အဆောက်အအုံ အဖြစ် ပြန်လည်အသုံးပြုခွင့်ရရန် တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း လူငယ်ရိပ်သာဖြစ် မြောက်ရေးကော်မတီ တာဝန်ရှိသူက ဆိုသည်။
“အစကတည်းက အဲလိုရည်ရွယ် ချက်တွေနဲ့ပဲ၊ စုပေါင်းဆောက်လုပ်ခဲ့တာ၊ အခုလို တခြားသူကို ငှားရမ်းပြီး ဝင်ငွေရှာ နေမဲ့အစား ဒေသပိုင်အဆောက်အအုံကို ဒေသကို ပြန်ပေးဖို့ တင်ပြခဲ့တယ်”ဟု ယခင် ကော်မတီဝင်တစ်ဦးက ဆိုသည်။
အဆိုပါကိစ္စကို တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ်ထံ ၂၀၁၈ခုနှစ် မေလ၂၉ ရက်က တင်ပြတောင်းဆိုခဲ့ကြခဲ့သော်လည်း အကျိုးအကြောင်း တစ်စုံတစ်ရာ မသိရသည့်အတွက် ဇန်နဝါရီ ၁၀ရက် မဇ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လူထုတွေ့ဆုံပွဲတွင်မြို့ခံ ဦးအောင်ဇော်မြင့် ထပ်မံတင်ပြခဲ့ကြောင်း သိရသည်။
အခုအခါ ယင်းအဆောက်အအုံကို ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာ ရန်ပုံငွေ အဖြစ် ဒေသခံဆီကုန်သည်များအသင်းကို ငွေကြေးဖြစ် ငှားရမ်းထားကြောင်း ကော့သောင်း ခရိုင်အထွေအထွေ အုပ်ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။
“ဒီအဆောက်အအုံကိစ်္စကို မြေစာရင်း နဲ့ မြေရာဇ၀င် စိစစ်ပြီး ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြသွားမယ်”ဟု ၎င်းက ဆိုသည်။
ယင်းလူငယ်ရိပ်သာကို ၁၉၈၆ခုနှစ် တွင် ဒေသခံများ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများ အာရုံဦးဂီတရန်ပုံငွေများ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးခင်းကာလတွင် လုံခြုံရေး အရဟုဆိုကာ ဒေသအာဏာပိုင်များက ယာယီခေတ္တခဏသိမ်းယူခဲ့ကြပြီး ယနေ့ အထိ ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် အဆောက်အအုံအဖြစ် ခေတ် အဆက်ဆက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

 

မိုးအိ