တနင်္သာရီတွင် ကျောင်းကြို/ပို့ယာဉ် မှောက်၊ ပဉ္စမတန်းကျောင်းသားတစ်ဦး သေဆုံး

0
365

တနင်္သာရီမြို့နယ် သမုတ်ချုံးကျေး ရွာအုပ်စု ရေဖြူကျေးရွာအနီးတွင် ဇန်န၀ါရီ လ ၁၅ ရက်က ကျောင်းကြို/ပို့ယာဉ် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ပဉ္စမတန်း ကျောင်းသားတစ်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။

ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်း (မူလွန်)ကျောင်းမှ ကျောင်းသား/သူ ၈ ဦးအား တင်ဆောင် လာသည့် ကြို/ပို့ ယာဉ်သည် ယာဉ်၏ရှေ့ယာဘက်ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ ထိုးဆင်းကာ ဆိုင်ကယ်တစ်စီးအား ၀င်ရောက် တိုက်မိပြီး တိမ်းမှောက် သွားခဲ့ကြောင်း တနင်္သာရီမြို့မ ရဲစခန်းမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ပဉ်္စမတန်းကျောင်း သားတစ်ဦးသေဆုံးခဲ့ရပြီး ကျောင်းသား/သူ ငါးဦး နှင့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာ များ ရရှိခဲ့သဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပိုခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဖြစ်သူအား တနင်္သာရီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)