ယုံကြည်မှု ပျက်သုဉ်းသွားသောအခါ

0
771

လူတစ်ယောက်သည် ကိုယ်မယုံကြည်တော့သည့် လူတစ်ယောက်၏ ပြောဆို ပြုမှု လုပ်ကိုင်မှုများအပေါ် မည်သို့တုန့်ပြန်သည်ကို လူတိုင်း သတိထားမိမည် ထင်ပါသည်။

ကိုယ်မယုံကြည်သူ၏ ပြောဆို ပြုမူ လုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး သံသယ စိတ်ကြီးသည်။ ထောက်ခံအားပေးရန် မ၀ံ့မရဲ ဖြစ်သည်။ မဖြစ်မနေ အခြေအနေမျိုးမှသာ ပြောဆိုဆက်သွယ်လေ့ရှိပြီး ပြောဆို ဆက်သွယ်သည့် အခါတွင်လည်း အခုအခံစိတ်များကြောင့် လိုရင်း မရောက်ဖြစ်လေ့ ရှိသည်။ ပြောဆို ဆက်သွယ်မှုကိုလည်း သံသယကြီးစွာဖြင့် ပြုလုပ်တတ်သည်။

သူ၏ လုပ်ဆောင်ချက်များတွင်လည်း ပူးပေါင်းပါဝင်ရန် ၀န်လေးသည်။

အစိုးရတစ်ရပ် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအတွက် လူထု၏ အားသည် အင်မတန် အရေးကြီးသည်။ လူထု၏အားကို ရရန်မှာလည်း လူထု၏ ယုံကြည်မှု ကို ရမှ ဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့် ပတ်သက်ပြီး လူထု၏ ယုံကြည်မှုညွှန်းကိုးမှာ မြှားအောက်သို့ ထိုးဆင်းနေသည်။

ထို့ကြောင့် အစိုးရ၏ ပြုမူပြောဆို လုပ်ကိုင်သမျှကို သံသယစိတ်ကြီးစွာ တုန့်ပြန်သည်။ ပူးပေါင်းပါဝင်ရန် ၀န်လေးသည်။

ထို့ကြောင့် လူထုအားကို ရရန် အခွင့်အလမ်းနည်းသည်။

လက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားလျှင် တနင်္သာရီတိုင်းအတွက် အင်မတန် စိုးရိမ်စရာ ကောင်းပါသည်။

လူထုကို အလေးထားရသော စနစ်မျိုးတွင် အစိုးရတစ်ရပ်သည် လူထု၏ အားမပါဘဲ ကောင်းမွန်ပြည့်စုံသည် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

             အယ်ဒီတာ (ဇန်န၀ါရီ ၁၂၊ ၂၀၁၉)