ပြည်ထောင်စုနေ့တွင် ထားဝယ်ရိုးရာ ယန်းအကဖြင့် ဖျော်ဖြေမည်

0
544

နေပြည်တော်တွင်ပြုလုပ်မည့် ၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် အမျိုးသား ထက်ဝက်ပါ ၀င်သည့် ထားဝယ်ရိုးရာ ယန်းအကဖြင့် သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း အကဖွဲ့ခေါင်းဆောင် ဦးဇော်ထွန်းသောင်းက ပြောသည်။

ယင်းထားဝယ်ရိုးရာ ယန်းအကဖွဲ့တွင် ကဖျော်ဖြေသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၃၆ ဦးက ဒန်းဂျွတ်ဟှာနွှဲ ဘိမျှောပွဲ(သီတင်းကျွတ်ရင်နွှဲ သပိတ်မျှောပွဲ) သီချင်းဖြင့် သွားရောက် ဖျော်ဖြေမည်ဖြစ် ကြောင်း ဦးဇော်ထွန်းသောင်းက ပြောသည်။

ထားဝယ်ရိုးရာယန်းအကအဖွဲ့ဖြင့် ယမန်နှစ် ပြည်ထောင်စုနေ့တွင် ပထမဆုံး သွားရောက်ဖျော်ဖြေခဲ့ပြီး ထိုအချိန်က အမျိုးသား တစ်ဦး၊ နှစ်ဦးသာပါဝင်ကြောင်း ဦးဇော်ထွန်း သောင်းက ပြောသည်။

“ဒီနှစ်တော့ အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်ပေါင်းပြီး ပထမဆုံး သွား ဖျော်ဖြေတင်ဆက်မှာပေါ့”ဟု ၎င်းက ဆို သည်။

ထားဝယ်ရိုးရာ ယန်းအကဖွဲ့သည် လေ့ကျင့်မှုများပြုလုပ်ရန် ဖေဖော်ဝါရီလ ပထမအပတ်တွင် နေပြည်တော်သို့ သွားရောက် မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲ တွင် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ပြည်နယ် ၇ ပြည်နယ်နှင့် တနင်္သာရီတိုင်းတစ်တိုင်းသည် ပြည်ထောင်စုနေ့ အခမ်း အနားတွင် တိုင်းရင်းသားရိုးရာအကဖြင့် နှစ်စဉ် သွားရောက်ဖျော်ဖြေလေ့ရှိပြီး ကျန်တိုင်း တစ်တိုင်းကို မဲစနစ်ဖြင့် ရွေးချယ်ကာ အလှည့်ကျပါဝင်စေကြောင်း ၎င်းင်းက ပြော သည်။

ရာစုနှစ်တစ်ခုနီးပါး  တိမ်မြုပ်နေသည့် ထားဝယ်ရိုးရာ ယန်းအကအဖြင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ၇၁ ကြိမ်မြောက် ပြည်ထောင်စု နေ့တွင် စတင်ဖျော်ဖြေခဲ့ပြီး ယင်းမတိုင်ခင်က အခြားထားဝယ်ရိုးရာ အကများဖြင့် သွား ရောက် ဖျော်ဖြေခဲ့ကြသည်။

 

ကျော်သူစိုး