မီတာပုံးခွဲတမ်း မလုံလောက်သဖြင့် ကျေးရွာအချို့ လျှပ်စစ်မီးအခက်တွေ့

0
504

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့ တွင် ဌာနမီတာပုံး ခွဲတမ်းမလုံလောက်သဖြင့် လျှပ်စစ်မီး သုံးခွင့်မရတော့ခြင်း၊ ပုဂ်္ဂလိက လျှပ်စစ်မီးပေးသူများက အရှုံးခံပြီး လျှပ်စစ်မီး ဖြန့်ပေးနေရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

ကျေးရွာအချို့တွင် ယခင်ကတည်းက ဓာတ်အားလိုင်းများ ရောက်ရှိနေပြီဖြစ်ပြီး မီတာပုံးရသည့် နေအိမ်အချို့မှာ ယင်းဓာတ် အား လိုင်းများနှင့် ချိတ်ဆက်သုံးစွဲခွင့်ရချိန် တွင် ကျေးရွာပုဂ်္ဂလိကမီးလင်းရေးလုပ်ငန်း အချို့ ရပ်နားလိုက်ရသည့်အတွက် မီတာပုံး မရသည့် နေအိမ်များ လျှပ်စစ်မီးသုံးခွင့်မရ တော့ခြင်း ဖြစ်သည်။

အချို့ကျေးရွာများတွင်မူ ရွာခံများ၏ တောင်းဆိုမှုကြောင့် ကျေးရွာပုဂ်္ဂလိက မီးလင်း ရေးလုပ်ငန်းရှင်များ အရှုံးခံမီးပေးနေရကြောင်း ယင်းကျေးရွာနေထိုင်သူများထံမှ သိရသည်။

ယခင်က တစ်ရွာလုံးကို ပုဂ်္ဂလိက မီးစက်ဖြင့် လျှပ်စစ်မီးပေးခဲ့သော်လည်း မီတာပုံးခွဲတမ်းချထားချိန်တွင် ၎င်းင်းတို့ထံတွင် လျှပ်စစ်မီးယူရန် မလိုအပ်တော့သည့်အတွက် အခက်အခဲဖြစ်လာခြင်း ဖြစ်ကြောင်း ပုဂ်္ဂလိက မီးလင်းရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာတွင် ပုဂ်္ဂလိက မီးစက်ရပ်နားလိုက် ရသဖြင့် အိမ်ခြေတစ်ရာခန့်မှာ လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“မီတာပုံးလျှောက်ပေမယ့် မရသေး ဘူး။ တစ်ရွာတည်းနေပြီး ရတဲ့သူကရ၊ မရတဲ့သူကမရ။ မရတဲ့သူတွေကတော့ အတော့်ကို သနားစရာကောင်းတယ်”ဟု မောင်မယ်ရှောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းကိုဦးက ဆိုသည်။

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ တွင်လည်း အိမ်ခြေ ငါးရာခန့်ရှိသည့်အနက် ဌာနမီတာ မရရှိသေးသည့် အိမ်ခြေတစ်ရာ ခန့်ကို ပုဂ်္ဂလိက လျှပ်စစ်လုပ်ငန်းရှင်တစ်ဦးက အရှုံးခံ ပေးနေရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးထိုက်က ပြောသည်။

ဌာနမီတာပုံးများ တပ်ဆင်ရာတွင် တစ်ရွာပြီးမှ နောက်တစ်ရွာတွင်တပ်ဆင် ခြင်းမျိုး မဟုတ်ဘဲ သုံးရွာခန့်ကို တစ်ပြိုင် တည်း တပ်ဆင်နေသဖြင့် ယင်းကဲ့သို့ မီတာမလောက်ငသည့် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လောင်းလုံး မြို့နယ် ရေဖြူကျေးရွာမှ ဦးမောင်ဝင်းက ပြော သည်။

“ဘယ်ရွာမှာ မီးလင်းနေပြီ၊ မီးဘယ်ရွာ အထိ ရောက်နေပြီဆိုပြီး ပြောလို့ ကောင်း အောင် လုပ်ပေးတဲ့သဘောမျိုး ဖြစ်နေတယ်” ဟု ဦးမောင်ဝင်းက ဆိုသည်။

ဌာနမီတာပုံးများကို တပ်ဆင်ပေးရာ တွင် တပ်ဆင်မည့်ရွာများမှ  လျှောက်လွှာပေါ် မူတည်ပြီး ဦးရာလူစနစ်ဖြင့် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင် နီယာ ဦးရဲမင်းထက်က ပြောသည်။

“အခုလက်ရှိတော့ မီတာပုံးတွေ ပြတ် နေလို့ ထပ်မှာထားပေးတယ်။ ရတာနဲ့ ချက်ချင်းလိုက်တပ်ပေးမှာပါ”ဟု ဦးရဲမင်းထက် က ဆိုသည်။

ထားဝယ်ခရိုင်တွင် မီတာပုံးများကို မြို့ငယ်၊ မြို့ကြီး၊ ကျေးလက်မီတာဟု သုံးမျိုးခွဲကာ တပ်ဆင်ပေးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ မီတာ လျှောက်ထားသူ စုစုပေါင်း တစ်သောင်း ကျော် (၁၀၆၅၃ ဦး) ရှိကြောင်း ယင်းဌာန စာရင်းအရ သိရသည်။

ယင်းလျှောက်ထားသူများအနက်မှ ၇၂၉၃ ဦးကို မီတာ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

 

ကျော်သူစိုး