ချိန်ခွင်ထဲက ကျွန်းကလေး

0
668

ညနေစောင်း ၃ နာရီကျော်လာပြီဆို တော့ ဒီရေကလေး ကျစပြုပြီလေ။

လဆန်းရက်တွေဆိုတော့ ရေကလည်း သိပ်တော့ မကြီးလှပါဘူး။ ရေဒီယိုက ကြေညာတဲ့ မုန်တိုင်းသတင်းကို ဒေါ်ဖွားမြ ကြားမိပေမယ့် တစ်နာရီမိုင် ၃၀၊ ၄၀ လေ တိုက်နှုန်းဆိုတာ ဒေါ်ဖွားမြတို့လို ပင်လယ် ကမ်းမှာ လှိုင်းနဲ့ဖက်ပြီး မွေးဖွားကြီးပြင်း လာသူတွေအတွက်ကတော့ ထမင်းစား ရေသောက် သာသာရယ်ပါ။

လိုက်ပို့နေကျ ဦးတင်လှ လှေနဲ့ ဒေါ်ဖွားမြတို့တစ်သိုက် ကျွန်းကလေးဆီ ရောက်တော့ ကျောက်တုံးကျောက်ဆောင် တွေနဲ့ ပင်လယ် လှိုင်းအစပ်က သဲပြင်ကလေး တောင် ပေါ်လုလုဖြစ်ပေါ့။ ကျွန်းကလေး ဆိုပေသိ တကယ်တမ်းက ဒေါ်ဖွားမြတို့ ကမ်းခြေရွာ ကလေးနဲ့ လှမ်းအော်ရင်တောင် ကြားနိုင်တဲ့ အကွာအဝေးမှာ၊ စက်နဲ့လှေခုတ် လာရင် ၅ မိနစ်ပင် မပြည့်တတ်။

ဒေါ်ဖွားမြတို့တစ်သိုက်ဆိုတာက သူမ ရယ်၊ ရွာက အပျိုဖော်ဝင်စ မီးလှတင်တို့ သူငယ်ချင်း သုံးလေးယောက်ရယ်ပါ။ ဒေါ်ဖွားမြ တို့က ခုလိုပဲ ဒီကျချိန်တွေမှာ ကျွန်း ကလေးကို ကူးလာနေကျ။ ကမ်းခြေကျောက် ဆောင်တွေမှာ ကပ်ပြီး အိမ်ဖွဲ့နေတဲ့ ခက်ရင်း ကောင်တွေကို သံကောက်ကလေးတွေနဲ့ ချိတ်ခွဲပြီး စုဆောင်းရောင်းချတာ ဒေါ်ဖွားမြ တို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်။ ငိုလို့ခေါ်တဲ့ ပင်လယ်ဂုံးကောင်တွေကတော့ မိုးတွင်းဘက်မှာ ပိုပေါလေရဲ့။ တစ်ခါ တလေများ လသာတဲ့ ညတွေမှာ တောင် ဒေါ်ဖွားမြတို့ကျွန်းကလေးဆီ ကူးလာကြပြီး ကဏန်းရှာကြ ““ငို””ကောင်ထုကြ။ ဒါက ဒေါ်ဖွားမြတို့ရဲ့ နိစ်္စဓူဝ။

ဒေါ်ဖွားမြတို့လိုပဲ ရွာက လူအများစု ကလည်း ဒီကျွန်းကလေးကို မှီပြီး အသက်မွေး ၀မ်းကျောင်း ပြုနေကြလေရဲ့။ ကျွန်းကလေး နဲ့ ရွာကမ်းခြေအကြား ချောင်းလို ဖြစ်နေတဲ့ နေရာကလေးဆို ရွာက ကလေးတွေ ဖော့ပုံး ကလေးပေါ်တက်ထိုင် ခြေမမှာ မျှားကြိုး ကလေးတပ်ပြီး ကင်းမွန်းမျှားလို့ ကောင်းတဲ့ နေရာပေါ့။

“ကျွန်နော်ဟားမျူး ပြင်ညာခြေဂံ နည်းဟူ ငါးဖမ်းမားဝါဟားလေမျိုးမာလောဟာ သယ်မုံနေးရာဟ သားဂန်းဟားလေ တွယ်လောဝါ မိသားစု စားဟို့ ရှာဇားရ လွယ်ဟူ နေးရာသားဝဲ့နခံ”

(ကျွန်တော်တို့ လို ပညာအခြေခံအားနည်းတဲ့ တံငါရွာ ကလေးမှာ ဒီနေရာလေးက လူငယ်လေး တွေအတွက် မိသားစုအတွက် တ၀မ်းတခါး ရှာစားရ လွယ်တဲ့နေရာပေါ့ဗျာ)လို့ သူ့ဘ၀ တစ်သက်တာ နှစ် ၅၀ ၀န်းကျင်လုံးလုံး တံငါလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ ဦးတင်လှက ဆိုလေရဲ့။

တကယ်တော့ ကျွန်းကလေးက ဒေါ်ဖွားမြတို့လို ပင်လယ်မထွက်ဘဲ ကမ်းစပ်မှာ ခက်ရင်းထု “ငို”ကောင်ရှာ လုပ်စား ကြတဲ့ လူတွေ အတွက်ပဲ အရေးကြီးတာ မဟုတ်ပါဘူးလေ။ သူတို့ရွာကလေးက လှေနဲ့ပင်လယ်ထွက်ပြီး ငါးဖမ်းတဲ့ လူတွေ အားလုံးနီးပါး အတွက်လည်း အသက်တမျှ အရေးကြီးတဲ့ နေရာကလေး ဖြစ်နေပြန် တယ်။ အကြောင်းက သူတို့ငါးဖမ်းလှေ တွေကို ချောင်းရိုး ကလေးထဲ ကျောက်ချ ထားရပြီး ဒီတက်ချိန် ညသန်းခေါင် မတိုင်ခင် ကျွန်းကလေးရဲ့ လေကွယ်မှာ ရပ်ထားကြ၊ ပြီးမှ ရေချိန် စောင့်ပြီး ပင်လယ်ထွက်ကြရ တာမျိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်။

မိုးတွင်းလို ရာသီဥတုဆိုးလို့ ပင်လယ် ထဲ ငါးဖမ်းထွက်မရတဲ့ ရက်တွေမှာ ကျွန်း ကလေးက ရေလုပ်သားတွေအတွက် ထမင်းအိုး ဖြစ်လာပြန်တယ်။ ဒီလိုရာသီမျိုးမှာ ကျွန်း ကလေးကို ခါးပတ်လို ပတ်ထားတဲ့ ကျောက်ဆောင် ကျောက်တုံးတွေရဲ့နေရာ အနှံ့ဟာ ကိုတံငါတွေရဲ့ကမာကောင်ငုပ်ရာ နေရာ ဖြစ်လာပြန်ရော။ တချို့များ ကျွန်းပေါ် တက်ပြီး “တောင်ကဏန်း”တောင် တက် ဖမ်းလိုက်ကြသေး။

ကျွန်းကလေးပေါ်က အပင်ကြီး အပင်ငယ်တွေကတော့ စိမ်းစိမ်းစိုစို။ လူ ၅ ယောက်ဖက် ၆ ယောက်ဖက် အပင်ကြီး တွေ လည်းရှိရဲ့။ ကျွန်းကလေးရဲ့ အနောက်ဘက် တည့်တည့်မှာတော့ အက်ဒမန်ပင်လယ်ကြီး ထဲကို ပြေပြေကလေး လျှောကျသွားတဲ့ ဆင်ခြေ လျောကလေး။

“ကျွန်နော်ဟား ဖိုးဖွားမိဖ လတ်ထပ်ဒဲ ဟ သယ်မုံကျွန်းဟားန၀ဲ့ မှီခိုဘီး နွီဆိုနွီ မိုးဆိုမိုး လုပ်စားလာဟူ ခု ကျွန်နော်ဟား သတ် ၃၀ ကျော်နေဘီ” (ကျွန်တော်တို့ဘိုး ဘွားမိဘ လက်ထက်ကတည်းက ဒီကျွန်း ကလေးနဲ့ပဲ မှီခိုပြီး နွေဆိုနွေ မိုးဆိုမိုး လုပ်စား လာတာ ခု ကျွန်တော်တို့အသက် ၃၀ ကျော် နေပါပြီ) လို့ ပင်လယ်ကြီးကို ကြည့်ပြီး လေးလေးတွဲ့တွဲ့ ပြောလာသူက ကိုထွန်းနောင်။ အသက် ၁၀ နှစ် ဘုန်းကြီးကျောင်းသားဘ၀ ကနေ ခုအထိ ရေလုပ်သားကြီးလုံးလုံး ဖြစ် လာသူ။

ခုတော့ ဒေါ်ဖွားမြတို့ .. ကိုထွန်းနောင် တို့ သူတို့ရဲ့ဘ၀ သူတို့ရဲ့ ဖွားဖက်တော် ကျွန်း ကလေးကို စီးပွားရေးသမားတွေ လက်ထဲ ကို ၀ ကွက် အပ်လိုက်ရမလို အခြေအနေ တစ်ခု ဆိုက်ရောက်နေလေရဲ့။

သူတို့ ကျွန်းကလေးပေါ်မှာ အပန်း ဖြေစခန်းတည်ဆောက်ဖို့ လျှောက်ထားလာ တဲ့အတွက် မြို့နယ်မြေစာရင်းရုံးမှာ ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း သတင်းစကားတွေ ကြားရတော့ ရွာသူရွာ သား အတော်မျာများ ခြေမကိုင်မိ၊ လက် မကိုင်မိ။ အစိုးရဌာနဆိုင်ရာများဆိုတာ ဒေါ်ဖွားမြတို့အတွက်ကတော့ ကမာ်္ဘခြား နေတဲ့ ဂြိုဟ်သားတွေနဲ့ ဆက်ဆံရသလိုပါ ပဲလေ။ မပြောတတ် မဆိုတတ်။ မလုပ်တတ် မကိုင်တတ်။ ပြောရရင် ရုံးပြင်ကန်္နား မသွား ဖူးကြ၊ သွားလည်း မသွားလိုကြ။ ကန့်ကွက်တာ တွေ ထောက်ခံတာတွေလည်း ကိုထွန်းနောင် တို့ မသိ။

ကုမ္ပဏီက တာဝန်ရှိသူတွေဆိုတာက တော့ ရွာကို ပေါက်ချလာကြလေရဲ့။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးမယ်ဆိုတာလည်း ဒေါ်ဖွားမြ နားစွန်နားဖျား ကြားမိ သေးတယ်။ ကြားထဲ တစ်အိမ်ထောင် ငွေဘယ်လောက် ပုံပေးမှာ ဆိုတဲ့ ကောလာ ဟလမျိုးတွေလည်း သိုးသိုးသန့်သန့်။

ကိုထွန်းနောင်ကတော့ စဉ်းစားနေ တာတချို့ ရှိတယ်။ တခြားမဟုတ်။ ဒေသ ဖွံ့ဖြိုးရေးဆိုတဲ့ စကားကြီးကို။

အဲဒါကြီးက ဘာကြီးတုန်း။ အရင်က ဗွက်တော ဖုန်တောထဲ သွားခဲ့ရတဲ့ သူတို့ ရွာလမ်းကလေး အခုတော့ ကျောက်ခင်း မြေနီလမ်းကလေး ဖြစ်နေပြီ။ လာမယ့်နှစ်မှာ ဘိလပ်မြေလမ်း ကျပြီလို့လည်း သတင်းရ တယ်။ လျှပ်စစ်မီးနဲ့ တယ်လီဖုန်း ဆက်သွယ် ရေးတွေလည်း မကြာခင် အစိုးရက လုပ်မယ် ပြောတယ်။ အဲဒီတော့ ကိုထွန်းနောင်ဖို့ ဒေါ်ဖွားမြတို့ ရွာအတွက် ကုမ်္ပဏီက လုပ်ပေး မယ်လို့ သတင်းထွက်နေတဲ့ ဖွံ့ဖြိုးရေးဆို တာက ဘာတွေများပါလိမ့်။

ကျွန်းကလေးပေါ်မှာ အပန်းဖြေစခန်း ဆောက်မယ်ဆိုတော့ ဆိုးတော့ မဆိုးဘူး လို့တော့ ဒေါ်ဖွားမြ စဉ်းစားမိပြန်တယ်။

သူတို့ကျွန်းကလေးပေါ်မှာ မီးတွေ ထိန်ထိန်လင်း၊ ဟော်တယ်ကြီးက ဟီးထ လို့၊ ရွာကိုဖြတ်ပြီးအပြင်က လာတဲ့ ဘိုတွေနဲ့ စည်နေမှာပဲလို့လဲ ဒေါ်ဖွားမြ အတွေးရောက် မိသေးတယ်။ ဒါပေမယ့် ဒေါ်ဖွားမြ တွေးပူနေ တာလည်း ရှိတယ်။

အပန်းဖြေစခန်းလာကြတဲ့သူတွေဆို တော့ ဘုရားဖူးလာကြတာမျိုးတော့ ဟုတ် ဟန်မတူ။ ကျွန်းကလေးက ဒေါ်ဖွားမြတို့ ရွာနဲ့ အရမ်းကပ်နေတော့ ကျွန်းပေါ်မှာ အဲဒီလိုစခန်းမျိုးဆောက်ပြီးလို့ ဧည့်သည် တွေ တရုန်းရုန်းဖြစ်နေရင် ဒေါ်ဖွားမြတို့ အခုချိန်မှာလိုမျိုး ခက်ရင်းသွားထုနေလို့ အဆင်မှ ပြေပါတော့မလား။

နောက် အရေးကြီးတာက ဒေါ်ဖွားမြ နဲ့ “ငို”ကောင် ရှာဖော်ရှာဖက် ဆယ်ကျော် သက် ကောင်မလေးတွေ၊ ညကြီးအချိန်မ တော် လသာသာမှာ ငါးမျှားကြသူတွေ၊ မိုးတွင်းကာလ ကျွန်းပတ်ပတ်လည်မှာ ကမာငုပ် ကြသူတွေ၊ ကျွန်းပေါ်တက်ပြီး ကဏန်း နှိုက်ကြသူတွေ… သူတို့တွေက ရော..။ လူပေါင်း ၃၀၀ ကျော်ရှိနဲ့ ဒေါ်ဖွားမြ တို့ ရွာသူရွာသား ဘယ်နှယောက်ကိုရော ….ဒီစီမံကိန်းက အလုပ်ပေးနိုင်မလဲ၊ ဒေါ်ဖွားမြ အတွက် လားပေါင်းများစွာ..။

ဒေါ်ဖွားမြလိုပဲ ကိုထွန်းနောင်မှာလည်း စိုးရိမ်စိတ်တွေ ရှိနေလေရဲ့။

“သူးနို့လုပ်ဟို့ဇာဂ ဟိုး ပန်လယ်ထဲဟ ၀ါန ၀ီးဝီးဟားနေရာဟ ကျွန်းမုံမျိုးဆိုဟာ ဟားလဲ ပြောနိုဝလဲခံ၊ ခုဇာဟ ကျွန်နော်ဟား နေ့ဒိုင်း ရှာဇား ဖွီဇားနေဟူ ၀ါန ကပ်ကပ်ဟား မာ လာဘီး လုပ်ခ်္လျမယ် ဆိုလောဝါ ကျွန်နော် ဟားနေနဟ စဉ်းစားဇာ ဖြစ်နေ ၀ဲ့နား” (သူတို့လုပ်မှာက ဟိုး ပင်လယ်ထဲက ရွာနဲ့ ဝေးဝေးနေရာက ကျွန်းမျိုးဆိုရင်တော့ ဘာမှာ မပြောလိုပါဘူးဗျ။ ခုကတော့ ကျွန်တော်တို့နေ့တိုင်း ရှာဖွေ စားသောက် နေရတဲ့ ရွာနဲ့ နီးနီးကလေးမှာ လာပြီးလုပ်ချ မယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားဖို့ ဖြစ်နေတာပေါ့) ။

သူတို့ရွာနဲ့သိပ်မလှမ်းတဲ့ တံငါရွာလေး တစ်ခုမှာတော့ အစိုးရက ဦးဆောင်ပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ လုပ်နေ တယ်လို့တော့ ဦးတင်လှကြားမိတယ်။ လုံးစေ့ပတ်စေ့ နားမလည်သော်ငြား ပင်လယ် သားတွေရဲ့နေမှုထိုင်မှုဘ၀တွေနဲ့ အသက် မွေး ၀မ်းကျောင်း အလုပ်တွေကို ဧည့်သည် တွေက အတူတူလာနေထိုင်ပြီးလေ့လာကြ၊ ရွာကလူတွေကလည်း မူရင်းမလုပ် မပျက် ဘဲ အပိုဝင်ငွေတွေရကြတယ်တဲ့။ ဒီလိုမျိုး သားရွှေအိုးထမ်းလာတဲ့ အစီအစဉ် မျိုးလေး ဆို မဆိုးလှလို့တော့ ဦးတင်လှတွေး ဖြစ်နေတယ်။ တကယ် အလုပ်ဖြစ် မဖြစ် တော့ မသိဘူးပေါ့။

ပြာသိုဆန်းမို့ လခြမ်း ကွေးကွေးက လေးက ကျွန်းကလေးပေါ်မှာ ချိတ်ထား သလို မ၀ံ့မရဲကလေးသာနေလေရဲ့။ လေညှင်း ကလေး သွေးနေသော်ငြား ပင်လယ်ရွာကလေးရဲ့ ပြာသိုဆောင်းက နွေးနေလေရဲ့။ ဒေါ်ဖွားမြ အိပ်မပျော်။ ပင်လယ်ကမ်းနဲ့ မန်းကျည်းပင်တွေသာ ခြားထားတဲ့ ၀ါလုံးတိုင်စိုက် သူမ အိမ်ကလေးရှေ့ သဲပြင်ပေါ်က ဒန့်ဒလွန် ပင်ကလေးအောက်မယ် ထိုင်ကာ အတွေး နယ်ချဲ့နေလေရဲ့။

ကျွန်းကလေးကို အပြင်လူတွေ လုပ်ကိုင်ခွင့်ပြုမယ် မပြုမယ်ဆိုတာကို ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲဆိုတာ ဒေါ်ဖွားမြ မသိ။ နားလည်းမလည်။ ဒေါ်ဖွားမြ သိတာက ကျွန်းကလေးက ဒေါ်ဖွားမြတို့ ဘ၀။ ဒေါ်ဖွားမြတို့အသက်။

မသိဘူး…ကျွန်းကလေးကို ဒေါ်ဖွားမြ သားလို သမီးလို ချစ်တယ်။    ။

 

အောင်လွင်(ကံပေါက်သား)

 

ဝန်ခံချက် ။       ။ ထားဝယ်ခရိုင် အတွင်းရှိ ပင်လယ်ကမ်းခြေ တံငါရွာ ကလေးတစ်ရွာနှင့် အလွန်နီးကပ်စွာ တည် ရှိလျက်ရှိပြီး ဒေသခံရေလုပ်သားများ၏ ဘိုးဘွားစဉ်ဆက် မှီခိုအားထားရာ၊ အသက် မွေးဝမ်းကျောင်းပြုရာ ကျွန်းကလေး တစ်ခု အပေါ်တွင် စီးပွားရေးလုပ်ငန်း တစ်ခုက အပန်းဖြေစခန်းတည်ဆောက်ရန် လျှောက် ထားလာမှုအပေါ်ဒေသခံများ၏ သဘော ထားအမြင်များ၊ စိုးရိမ်ချက်များကို အခြေခံ ရေးသားထားခြင်း ဖြစ်ပါသည်။ စာပါ အမည်များမှာ စာရေးသူစိတ်ကူးသက် သက်ဖြင့် မှည့်ခေါ်ထားခြင်းသာ ဖြစ်ပါ သည်။