ဇောတိက ဂက်စ်ပိုက်လိုင်း ၁၀ ရက် ပိတ်မည်၊ ထားဝယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

0
705

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဂက်စ်ရယူအသုံးပြုနေသည့် ဇောတိကဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းပြုပြင်ရန် ၁၀ ရက် ပိတ်ထားမည်ဖြစ်သောကြောင့် လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။

ဇောတိကကမ်းလွန်စီမံကိန်းမှ သွယ်တန်းထားသည့် ဂက်စ်ပိုက်လိုင်းကို ဇန်န၀ါရီလ ၂၀ ရက်မှ ၂၉ ရက်အထိ ပိတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိကြောင်း ဦးရဲမင်းထက်က ပြောသည်။

ဇောတိက ပိုက်လိုင်းပိတ်ထားချိန်အတွင်း ရတနာဂက်စ်ပိုက်လိုင်းမှ ဓာတ်ငွေကို အစားထိုးရယူကာ လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရတနာပိုက်လိုင်းမှ ဂက်စ်ရယူချိန်တွင် လျှပ်စစ်အင်ဂျင်ပိုင်းဆိုင်ရာလုပ်ငန်းများ ချိန်ညှိရမည်ဖြစ်သောကြောင့်  ဇန်န၀ါရီလ ၂၀ ရက်ဝန်းကျင် နှင့် ၃၀ ရက်တို့တွင် အချိန်ပိုင်းမီးပြတ်တောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးပျက်ချိန်များတွင် လျှပ်စစ်ဌာနပိုင် ဒီဇယ်မီးစက်များဖြင့် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးရန် ထားဝယ်ခရိုင်တွင် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူး ပေးနေသည့် GGS ကုမ္ပဏီနှင့် ညှိနှိုင်းထားကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

Dawei Watch