ကော့သောင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ လက်လုပ်သေနတ် နှစ်လက် ဖမ်းဆီးရမိ

0
376

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု၊ ၁၄ မိုင်ကျေးရွာရှိ ရော်ဘာ ခြံတစ်ခြံအတွင်း ဇန်န၀ါရီလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လက်လုပ်သေနတ် (ပြောင်းရှည်) ၂ လက်နှင့် WY စိတ်ကြွဆေးများ ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
၁၄ မိုင်ကျေးရွာ ရော်ဘာခြံအတွင်းတွင် မူးယစ်ဆေးရောင်းဝယ်နေကြောင်း သတင်းအရ ကော့သောင်းမြို့၊ မူးယစ် တပ်ဖွဲ့စု ၃၄ က ဖမ်းဝရမ်း အမှတ်(၁/၂၀၁၉)ဖြင့် သွားရောက်ဖမ်းဆီးရာ တစ်ဦးမှာ ထွက်ပြေးသွားပြီး တစ်ဦးကိုသာ ဖမ်းဆီးမိခဲ့သည်။
၎င်းတို့ နေထိုင်သည့် နေအိမ်ရှေ့ ကြမ်းပြင်ပေါ်တွင် WY စိတ်ကြွဆေး ၆၄ ပြား၊ ICE မူးယစ်ဆေး ၁ ဂရမ်နှင့် လက်လုပ်သေနတ် ၂ လက်ကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း အထက်ပါ ရဲစခန်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားနှင့် ထွက်ပြေး တိမ်းရှောင်နေသူ အသက် ၃၇ အရွယ် အမျိုးသားတို့ကို ကော့သောင်းမြို့မ ရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁/ ၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

မိုးအိ