မွန်တွင် ဆားကြမ်း ထုတ်လုပ်မှု တစ်လခန့် နောက်ကျနိုင်

0
1027

မွန်ပြည်နယ်တွင် ဇန်န၀ါရီလ ပထမပတ်က မိုးရွာသွန်းခဲ့မှုကြောင့် ဆားကွင်းများ ပျက်စီးပြီး ဆားကြမ်းထုတ်လုပ်မှု တစ်လခန့် နောက်ကျနိုင်သည်ဟု မွန်ပြည် နယ်အတွင်းရှိ ဆားလုပ်တောင်သူတို့ထံမှ သိရသည်။
ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်း တွင် ပင်လယ်ရေတင်ပြီး စတင်နေလှန်းလေ့ ရှိသည်။
ရာသီဥတုအခြေအနေကောင်းမွန်ပါ က ဒီဇင်ဘာလအကုန် ဇန်န၀ါရီလခန့်တွင် ဆားကြမ်းစတင် ထုတ်လုပ်ကြသော်လည်း ယခုနှစ်တွင် မိုးကြောင့်ဆားကြမ်းထုတ်လုပ်နိုင်ရန် တစ်လခန့် ကြာမြင့်ဦးမည်ဟု ဆားလုပ်ငန်းရှင်တို့က ပြောသည်။
“မိုးရွာလိုက်တော့ ဆားကွင်းတွေ အကုန်ပျက်စီးကုန်တယ်၊ ရေ ၂ ပေလောက် ဖြစ်သွားတော့ ဆားကွင်းတွေ ပျက်စီးကုန် တယ်၊ တစ်လလောက်နေမှ ဆားထုတ် လုပ်နိုင်မယ် ဆိုတော့ ဆားထုတ်လုပ်နိုင် ဖို့က တစ်လနောက်ကျသွားမယ်” ဟု ပင ဆားလုပ်ငန်းရှင် နိုင်ဘရှိန်က ပြောသည်။
ရာသီဥတုကြောင့် ဇန်န၀ါရီလ အတွင်း ထုတ်လုပ်ရမည့်ဆားကြမ်းသည် ဖေဖော်ဝါရီလမှသာ ထုတ်လုပ်နိုင်တော့သည့်အနေအထားရှိသည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။
ဆားထွက်သည့်အချိန်တွင် ဆားကြမ်း မထုတ်လုပ်နိုင်သေးခြင်း၊ လက်ကျန်ဆား မရှိသလောက် နည်းပါးနေခြင်းတို့ကြောင့် လက်ရှိတွင် ဆားကြမ်းဈေးသည်လည်း မြင့်တက်လာမည့် အလားအလာရှိကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။
“ဆားဈေးက မိုးမရွာခင်က တစ်ပိဿာ ၁၉၀ လောက်ရှိနေတယ် အခုက အရောင်းအ၀ယ်မရှိဘူး။ မရှိဘူးဆို တာက ဆားမရှိလို့ပါ။ ဆားအသစ်ထွက် တော့မယ်ဆိုတော့ ဆားအဟောင်းတွေ ထုတ်ရောင်းကုန်ကြတော့ ဂိုထောင်မှာ ဆားမရှိတော့ဘူး၊ ဆားမရှိတော့ ဘယ်သူမှ ဈေးမဖောက်ဘူး။ ဆားသာရှိနေမယ်ဆိုရင် ဈေးက ၂၀၀ ကျော်ကျော်လောက်ဖြစ်မယ် ထင်တယ်”ဟု သံဖြူဇရပ်မှ ဆားလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ်တုန်းကလည်း ဆား ထုတ်လုပ်ရာသီကာလတွင် ရာသီဥတုကြောင့် ဆားကွင်းပျက်စီးပြီး တစ်ပြည်နယ် လုံးတွင် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့်ထိ လျော့ကျမှုရှိခဲ့သည်။
ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင်သူ ၇၀ ဦးခန့်တို့မှ ဆား ကွင်းဧကပေါင်း ၃၀၀၀ ခန့်တို့တွင် ဆား ကြမ်းထုတ်လုပ်လျက်ရှိသည်ဟု သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏ၀ါ ဓာတု ဗေဒပစ်္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ် ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။
မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့် ဆားများကို အထက်မြန်မာပြည် မန်္တလေး ဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီး ဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟုလည်း ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ် ရှိ ပငရွာ၊ ကရုပ်္ပိရွာ၊ ကျိုက္ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်သည်။

 

ယဉ်စနိုင်း