ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းထံမှ ဝယ်ထားသည့်မြေကွက်ရှိ နေအိမ်များဖယ်ရှားရန် စည်ပင်အမိန့်ထုတ်

0
527

မြိတ်မြို့၊ ဆိပ်ငယ် ရပ်ကွက်အုပ်ချုပ် ရေးဟောင်းထံမှ ဝယ်ယူထားသည့် မြေ ကွက်ပေါ်က နေအိမ်များအား ခုနစ်ရက် အတွင်း ဖယ်ရှားရန် မြို့နယ်စည်ပင်သာ ယာရေးကော်မတီက အမိန့်ထုတ်လိုက်သည်။
မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင် စက်မှုဇုန်အတွင်းရှိ ချမ်းမြေ့သာယာ ရပ်ကွက်ရှိ လမ်းမြေဟု သတ်မှတ်ထား သည့် နေရာတွင် ဆောက်လုပ်ထားသည့် နေအိမ် ၁၄ လုံးကို ခုနစ်ရက်အတွင်း ဖယ်ရှားရန် စည်ပင်ကော်မတီက ဇန်န၀ါရီလ ၈ ရက်တွင် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။
“ပေ ၄၀ လမ်းပေါ်မှာ ကျူးကျော်တဲ့ အိမ်တွေ လာဆောက်တာပါ”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
အိမ်ရာကွက်များအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ခန့်က အလျားပေ ၂၅၊ အကျယ် ပေ ၄၀ ရှိ တစ်ကွက်လျှင် ကျပ် ၄၅ သိန်းနှုန်း ဖြင့် ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟောင်းထံမှ ၀ယ်ယူထားပြီး နေအိမ်များ ဆောက်လုပ်ထားသည်မှာ တစ်လခန့်သာ ရှိသေးကြောင်း နေအိမ်ဆောက်လုပ်ထား သူတစ်ချို့က ဆိုသည်။
“စာချုပ်ထဲမှာ စည်းတွေပါတယ်။ ဆိပ်ငယ်အုပ်ချုပ်ရေးမှူးဖြစ်စဉ်က ထုထား တဲ့ စည်းတွေပါတယ်”ဟု မြေကွက်ဝယ် ယူပြီး နေအိမ်ဆောင်လုပ်ထားသူ ကိုနေဇော်ထူးက ပြောသည်။
အဆိုပါ မြေကွက်များမှာ ပိုင်ရှင်တစ်ဦး ထံမှ ဝယ်ယူပြီး အိမ်ရာမြေကွက်များအဖြစ် ရောင်းချထားကြောင်း မြေကွက်များ ရောင်းချထားသည့် ဆိပ်ငယ်ရပ်ကွက်အုပ် ချုပ်ရေးဟောင်း ဦးခင်မောင်ရင်က ပြောသည်။
မြေကွက်များအား တိုင်းတာမှုများ ပြုလုပ်စဉ်က သက်ဆိုင်ရာဌာနများမှ လမ်းမြေဖြစ်ကြောင်းကို သတိပေးပြော ဆိုခြင်းနှင့် ယခင်ကတည်းက လမ်းမြေ မှတ်တိုင်များ စိုက်ထူးထားခြင်းများ မရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ရင်က ဆိုသည်။
“လိမ်လည်ပြီး ရောင်းချထားတာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စည်ပင်ကော်မတီက ဖယ်ရှားခိုင်းထားသည့် လမ်းမြေပေါ်ရှိ နေအိမ် ၁၄ ဆောင်အား လတ်တလောတွင် ဥပဒေပိုင်းအရ အရေးယူမည်မဟုတ်ဘဲစည်းရုံးပြောဆိုကာ ဖယ်ရှားနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

 

မြင့်မိုရ်(မြိတ်)