ပြာသိုလဦး နှစ်သစ်ကူး

0
1028

မြန်မာနိုင်ငံသား တိုင်းရင်းသားများထဲတွင် ပြာသိုလတွင် နှစ်သစ်ကူးသည့် လူမျိုးတစ်စု ရှိနေသည်။ သူတို့သည် ကရင်လူမျိုးများဖြစ်ပြီး နှစ်စဉ် ပြာသိုလဆန်း (၁)ရက်တွင် နှစ်သစ်ကူးကြလေသည်။
ကရင်တွင် ပြက္ခဒိန်သီးသန့်ရှိပြီး နှစ်သစ်ကူး သည့်နေ့သည် မြန်မာပြက္ခဒိန်မှ ပြာလိုလဆန်း ၁ ရက် နှင့် တိုက်ဆိုင်နေသည်။ သို့ကြောင့် ထိုပြာသိုလဆန်း ၁ ရက်ကို ကရင်နှစ်သစ်ကူးနေ့အဖြင့် သတ်မှတ်ပေး ရန် မြန်မာပြည်ကို အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကတည်းက အင်္ဂလိပ်အစိုးရထံ တောင်းဆိုခဲ့ပြီးနောက် ယခုထိ ကျင်းပလာကြကြောင်း ထားဝယ် သဗြုချောင်းရွာမှ ကရင်အမျိုးသား စောကဲဒိုက ပြောပြသည်။
ထိုနေ့တွင် မြန်မာပြည်အ၀ှမ်းမှ ကရင်လူမျိုးများက နှစ်သစ်ကူးပွဲတော်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆင်နွှဲကြသည်။

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လူမျိုးတို့ သည်လည်း နှစ်သစ်ကူးပွဲတော်ကို နှစ်တိုင်းဆင်နွဲ တတ်ကြသည်။ တချို့ဒေသများတွင် ကရင်ရွာများ စုပေါင်းကာ ဆင်နွဲကြပါသည်။
ယခုနှစ် ပြာသိုလဆန်း ၁ ရက်(ဇန်န၀ါရီ ၆ ရက်) တွင် ကျရောက်သည့် ကရင်နှစ် ၂၇၅၈ ခုနှစ် နှစ်သစ် ကူးပွဲတော်ကိုလည်း အချို့ရွာများ စုဝေးဆင်နွှဲကြပါ သည်။
ထားဝယ် ခမောင်းသွယ်ဒေသ၊ မြေးခံဘော် တိုက်နယ်အုပ်စုမှ ကရင်ရွာ ၁၀ ရွာသည်လည်း သူတို့ ၏ ကရင်နှစ်သစ်ကူးပွဲတော်ကို သဗြုချောင်းရွာတွင် ၁၀ ရွာ စုပေါင်း ဆင်နွှဲခဲ့ကြသည်။
နံနက်စောစော နှင်းတောထဲ သဗြုချောင်း ရွာဘောလုံးကွင်းတွင် ရပ်နီးရပ်ဝေး ကရင်အားလုံး စုဝေးကြ၊ ကရင်အလံတော်ကို အလေးပြုကြ ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ သူတို့၏နှစ်သစ်ကို ကြိုဆိုကြသည်။
နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် များက ဘော်လုံးကွင်းဘေး နှစ်သစ်ကူးစင်မြင့်ထက်တွင် နေရာယူကာ ကရင်လူမျိုး၏ နောက်ခံသမိုင်း ကြောင်းများ ပြောကြားကြသည်။ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးစောလုကာ၏ နှစ်သစ်ကူးသဝဏ်လွှာနှင့် အခြား အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော နှစ်သစ်ကူး သ၀ဏ်လွှာများ ဖတ်ကြားကြသည်။
စင်အောက်က ပရိသတ်များက ပျိုပျိုအိုအို ကလေး ပုစုခရုလေးများကအစ သူတို့၏ ကရင်အမျိုးသား ၀တ်စုံကို ၀တ်ဆင်ထားကြသည်။
ကရင်အမျိုးသားအစည်းရုံး(KNU)ရဲဘော်များ ကလည်း ဘေးနားမှ လုံခြုံရေးယူပေးရင်း နှစ်သစ်ကူးပွဲ ဆင်နွှဲကြသည်။
စင်အောက်မှ ပရိသတ်များ မပျင်းရိရလေအောင် သမိုင်းကြောင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အစီအစဉ် များ၏ ကြားတွင် ကရင်လူငယ်မောင်မယ်များက ကရင်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။

ထိုဖျော်ဖြေတင်ဆက်မှုက ဇန်န၀ါရီ ၅ ရက်နေ့ ညကတည်း ရှိနေသည်။ ညဘက်တွင် ကရင်ဒေသခံ တီးဝိုင်းက တီးခတ်ပြီး ကရင်အမျိုးသားအမျိုးသမီးတို့က သီဆိုကြသည်။
ခမောင်းသွယ်ဒေသ ကရင်နှစ်သစ်ကူးပွဲတော် ကို ဇန်န၀ါရီလစကတည်းက ကျင်းပနေပြီး ပွဲတော် ပျော်ပွဲရွှင်ပွဲအဖြစ် ၁၀ ရွာ ဖိတ်ခေါ်ဘောလုံး၊ ဘောလီဘော၊ ခြင်းလုံးပြိုင်ပွဲများ၊ ကရင်နပန်းပွဲ၊ လွန်ဆွဲပွဲ၊ စကောရွက်ပြေးပြိုင်ပွဲ၊ နှစ်ယောက်တွဲခြေပူး ပြေးပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ တောက်လျှောက် ကျင်းပခဲ့သည်။ ဘောလုံးပြိုင်းပွဲကိုမူ နိုဝင်ဘာလ ကတည်းက ရွာအသင်းများ ပတ်လည်ကန်ခဲ့ပြီး ဇန်န၀ါရီ ၅ ရက်တွင် ဗိုလ်လုပွဲ ကျင်းပခဲ့ကြသည်။
ဇန်န၀ါရီ ၅ ရက်နေ့ ညတွင် ထားဝယ်မြို့ပေါ် နေ ကရင်လူမျိုးများနှင့် ရပ်ဝေး ကရင်တို့က သဗြုချောင်း ရွာတွင် လာအိပ်ကြသည်။ ကရင်စတိတ်ရှိုးကို အားပေးကြသည်။ ဘောလုံးကွင်းကို ၀ိုင်းပတ် ဆောက်ထားသော နှစ်သစ်ကူးပွဲခင်းထဲ ပတ်ကြ သည်။ ခေတ်အဆက်ဆက်က ကရင်အမျိုးသား ခေါင်းဆောင်များ၏ ပုံများ၊ ကရင်အသုံးအဆောင် ပစ်္စည်းများကို ပြသထားသော ကရင်သမိုင်းပြခန်းထဲ ဝင်ကြည့်ကြသည်။
နှစ်သစ်ကူးပွဲခင်းတွင် မုန့်ဆိုင်များ၊ အပျော်တမ်းမဲနှိုက်သည့်ဆိုင်များမှအစ ထားဝယ်မြို့ပေါ်မှ အလယ်အလတ် စတိုးဆိုင်မျှရှိသော အထည်ဆိုင်ကြီးများအထိ ရှိနေသည်။ အပေါဆုံးမှာ စားသောက်ဆိုင် ငယ်လေးများ ဖြစ်သည်။
စားသောက်ဆိုင်ဆို၍ အရက်၊ ဘီယာရောင်း သည် မထင်ပါနှင့်။ လုံးဝ မရောင်းပါ။ တိတ်တိတ် ပုန်းရောင်းသည့် လက်္ခဏာမျိုးပင် မတွေ့ရပါ။
ခမောင်းသွယ်ကရင်နှစ်သစ်ကူး၏ အရက် မရောင်းသည့်(ခိုးရောင်းနေခဲ့သည့်တိုင် လွယ်လွယ် မရနိုင်သည့်)အချက်မှာ မြန်မာပြည်တွင် ဆင်နွှဲကြ သည့် မြန်မာနှစ်သစ်ကူး၊ တရုတ်နှစ်သစ်ကူး၊ အင်္ဂလိပ် နှစ်သစ်ကူးများထက် ထူးခြားချက်ကြီးတစ်ခု ဖြစ်နေ သည်။
ယင်းအချက်ကို သိနေသည့် ထားဝယ်မြို့မှ လာရောက်ဆင်နွှဲသူအချို့က အရက်ကြိုဝယ်လာကာ မိမိတို့တည်းခိုသည့် အိမ်ခြံနောက်ဖေးဘက်တွင် တိတ်တိတ်ကလေး ခိုးသောက်ကြသည်။ ယမန်နှစ် ကဆိုလျှင် နှစ်သစ်ကူးပွဲသို့ ယင်းသို့ အရက်သယ်လာ ခွင့်မပြုဟု ဆိုသည်။
သဗြုချောင်းရွာထိပ် KNU ဂိတ်မှ စစ်ဆေးကာ ပါလာသည့်အရက်၊ ဘီယာ အကုန်သိမ်းခဲ့သည် ဆို၏။ ယခုနှစ်တွင် ထိုသို့ မစစ်ဆေးတော့ဘဲ ဖြေလျော့ပေး ထားသည်ဆို၏။
အရက် သယ်လာခွင့် ဖြေလျော့ပေးထားသည် ဆို၍ ပွဲခင်းထဲ သောက်ခွင့်မရှိ။ ပွဲခင်းထဲသောက်ဖို့ နေနေသာသာ မူးနေလျှင် ပွဲခင်းစတိတ်ရှိုးတွင် သွားကဲခွင့်မရှိ။
ပွဲခင်းဝင်ပေါက်တွင် ၈ ပေါက်ရှိသော ခြေထိတ်ကြီးတစ်ခု လူမြင်သာအောင် ချထားကာ ပွဲခင်းဝတွင် KNU ရဲဘော်တို့ နေ့နေ့ညည စောင့်နေကြသည်။
သို့ကြောင့် ခမောင်းသွယ်ဒေသ ကရင်နှစ်သစ်ကူး တွင် မူးရူးနေသူ မတွေ့ခဲ့ရပါ။
နံနက်စောစော ကျင်းပသည့် နှစ်သစ်ကူးအခန်း အနား ပြီးဆုံးသောအခါ ကရင်လူငယ်မောင်မယ်တို့က ကရင်ဒုံးဖြင့် ဖျော်ဖြေကြသည်။ ဖျော်ဖြေမှုပြီးချိန်တွင် ယခုနှစ် ၁၀ တန်းအောင် ကျောင်းသားများကို နှစ် သစ်ကူးစင်မြင့်ပေါ် ဖိတ်ခေါ်ကာ ဆုလက်ဆောင်များ ပေးကြသည်။
ဆုပေးနေစဉ်နှင့် ဆုပေးပြီးချိန်တွင် ဧည့်သည် တို့က ရွာအရှေ့ဘက် ဥယျာဉ်လမ်းကြားလေးတစ်ခုထဲ ပုရွက်ဆိတ်တန်းကြီးပမာ တန်းကာသွား နေ ကြသည်။ လူတန်းကြီးသွားနေသည့် နေရာအဆုံး(ဘောလုံးကွင်းမှ ဖာလုံ တစ်ဝက်ခန့်)တွင် ချောင်းလေးတစ်ခုရှိပြီး ချောင်းတစ်ဖက်တွင် ထမင်းစားနေသည့် လူအုပ်ကြီး ရှိနေသည်။
လာသမျှဧည့်သည်အပေါင်းကို စတုဒီသာ ကျွေးနေခြင်း ဖြစ်သည်။
လူအုပ်ကြီးက ထိုင်ခုံ၊ စားပွဲ တွဲလျက် ၀ါးလုံးခုံတန်းရှည်ကြီး ၂ တန်းတွင် ကျိတ်ကျိတ်တိုး စားသောက်နေကြသည်။ ထိုခုံတွင် ၀င်ထိုင်သူက ထမင်းထည့်ပေးသူ ထံမှ ထမင်းပန်းကန်ယူကာ ဝင်ထိုင်ရ သည်။
စားပွဲရှည်ပေါ်တွင် ငရုပ်စိမ်းစပ်စပ် ဖြင့် ချက်ထားသော ဝက်သားကရင်ချက်၊ အိမ်ကြက်ကရင်ချက်၊ ၀က်ခြေတောက် ချည်ဟင်း၊ ကရင်ငရုပ်ထောင်းနှင့် တို့စရာ ဥယျာဉ်ထွက် အရွက်များကို ခွက်မောက် ခွက်လျှံ ထည့်ပေးထားသည်။ ဟင်းခွက် လပ်လျှင် ချက်ခြင်း လာထည့်ပေးသည်။ ထမင်းလိုလျှင် ထတောင်းနိုင်သည်။
မစားခင်ရော စားသောက်ပြီးပါ ချောင်းတွင် လက်ဆေးနိုင်သည်။ လက်ဆေး ပြီးလျှင် ၀ါးလုံးတန်းများတွင် ကြိုးဖြင့် ချည်တွဲထားသော လက်ကိုင်ပုဝါလေးများ တွင် သုတ်နိုင်သည်။
ပြီးလျှင် အငွေ့တထောင်းထောင်း ထနေသော ရေနွေးအိုးကြီးထဲမှ ရေနွေးကို ခွက်ကလေးများဖြင့် ငှဲ့သောက်နိုင်ပါ သည်။
စားသောက်ပြီးချိန်တွင် နှုတ်ဆက် စကားဆိုကာ ကိုယ့်ရွာကို ပြန်ကြရန် ဖုန်အလိမ်းလိမ်း ကပ်နေသော ကား၊ ဆိုင်ကယ်များပေါ် တက်ကြမည်။
သဗြုချောင်းရွာတွင် ကျင်းပသည့် ခမောင်းသွယ်ဒေသ၏ ယခုနှစ်ကရင်နှစ် သစ်ကူးပွဲသည် ထိုဇန်န၀ါရီ ၆ ရက်နေ့ည စတိတ်ရှိုးပွဲပြီးလျှင် အဆုံးသတ်မည် ဖြစ်ပါသည်။
နောင်နှစ် ပြာသိုလဆန်း ၁ ရက် (ဒီဇင်ဘာလ ၂၆)ရက်တွင် ကျရောက်မည့် ကရင်နှစ် ၂၇၅၉ ခုနှစ် နှစ်သစ်ကူးပွဲတော် ကိုလည်း ခမောင်းသွယ်ဒေသ မြေးခံဘော် တိုက်နယ်အုပ်စု၏ နောက်တစ်ရွာပြောင်းကာ ကျင်းပကြပါလိမ့်ဦးမည်။ ။

 

မင်းခန့်