အမျိုးသမီး ဘောလုံးပထမဆု သုံးကြိမ်စလုံး မြိတ်ခရိုင်က သိမ်းပိုက်

0
402

၂၀၁၈-၁၉ အားကစားနှစ်တွင် ကျင်းပခဲ့သည့် ခရိုင်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ သုံးကြိမ်ကျင်းပခဲ့ရာ မြိတ်ခရိုင် အသင်းများက ပထမဆု သုံးကြိမ်စလုံး သိမ်းပိုက်ခဲ့သည်။
မြိတ်ခရိုင်အသင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက နောက်ဆုံးအပတ်တွင် ကျင်းပသည့် အခြေခံပညာ အမျိုးသမီး အသက် ၁၃ နှစ်အောက် သုံးခရိုင်ဘောလုံး ပြိုင်ပွဲနှင့် ယင်းလ ပထမအပတ်က ကျင်းပသည့် သုံးခရိုင် အသက် ၁၉ နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတို့တွင် ပထမဆု ဆွတ်ခူးထားသည်။
ယခု ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၇ ရက်မှ ၁၁ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစား ကွင်းတွင် ကျင်းပသည့် သုံးခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တွင်လည်း ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ယင်းသုံးကြိမ်စလုံး နောက်ဆုံး ဗိုလ်လု ပွဲများတွင် ထားဝယ်ခရိုင်အသင်းများနှင့် သာ ဗိုလ်လုခဲ့ရပြီး မြိတ်ခရိုင်အသင်းများက ပထမရရှိခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းတွင် တိုင်းအားကစား နှင့် ကာပညာ ဦးစီးဌာနကမှ ကျင်းပသည့် အသက် ၁၉ နှစ်အောက်၊ ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် တိုင်းပညာ ရေးမှူးရုံးက ကျင်းပသည့် အသက် ၁၃ နှစ် အောက် ဘောလုံးပြိုင်ပွဲဟူ၍ အမျိုးသမီး ဘောလုံးပြိုင်ပွဲသုံးမျိုးကို ယခု ၂၀၁၈-၁၉ အားကစားနှစ်တွင် ကျင်းပခဲ့သည်။

ကျော်သူစိုး