တရားမဝင် သတ္တုတူးဖော်မှုများတရားဝင်ဖြစ်စေရေး KNU နှင့် တိုင်းအစိုးရ ဆွေးနွေး

0
820

တနင်္သာရီတိုင်းအတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ များအတွင်း တရားမ၀င် သတ္တုတူးဖော် နေမှုများ တရားဝင်လျှောက်ထားလုပ်ကိုင် နိုင်ရန် တိုင်းအစိုးရနှင့် KNU တာဝန် ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဇန်န၀ါရီလ ၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် KNU ဆက်စပ်နယ်မြေများအတွင်းရှိ ဇင်းဘာ ချောင်းတွင် တရားမ၀င်ရွှေတူးဖော်သူများ၊ ပုလောမြို့နယ်အတွင်းနှင့် တနင်္သာရီမြို့နယ် ကြိမ်ချောင်းတွင် တရားမ၀င်သတ္တု တူးဖော်နေသူများ တရားဝင်လုပ်ကိုင်ခွင့် တရားဝင်လျှောက်ထားလုပ်ကိုင်စေရန် ဆွေးနွေးခဲ့ကြောင်း သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“KNUရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်၊ မြေပြင်က သူတို့နဲ့ ဆက်စပ်နေတယ်၊ တရားမဝင် တူးတဲ့ဟာတွေကို ကန့်သတ်ပြီး ဥပဒေနဲ့အညီ တူးဖို့ပါ။ အဓိကက တရားဝင်ဖြစ်ဖို့ပါ။ KNUကတော့ ဆောင်ရွက်ပေးမယ် ပြောသွားပါတယ်၊ ဆွေးနွေးရတာ အဆင်ပြေပါတယ်”ဟု ဝန်ကြီးက ပြောသည်။
သတ္တုတရားမဝင် တူးဖော်မှုကြောင့် နိုင်ငံတော်မှ အခွန်ဆုံးရှုံးမှုအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလည်း မတားဆီး နိုင်ဖြစ်ပေါ်နေကြောင်း ဝန်ကြီးက ပြောသည်။
“ပုံမှန်ကွပ်ကဲရတဲ့အပိုင်းဆို အခက်ခဲ ရှိတယ်၊ KNUက ပူးပေါင်းဆောင်ရွက်မှ ဖြစ်နိုင်မယ့် အနေအထားပါ”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် အသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်မှုများ အတွက် တိုင်းအဆင့်တွင် လျှောက်ထား ကာ ခွင့်ပြုချက်ရယူခြင်း၊ တိုင်းအဆင့်က လုပ်ကိုင်ခွင့် ချထားပေးနိုင်ပြီး အကြီးစား၊ အလတ်စား သတ္တုတူးဖော်ရန် လျှောက်ထား ပါကလည်း ပြည်ထောင်စုသို့ သဘောထားမှတ်ချက်ပေးသွားရန်ရှိကြောင်း ဝန်ကြီးက ပြောသည်။
ရေဖြူမြို့နယ်ရှိ ဇင်းဘာချောင်းရိုး တစ်လျှောက်တွင် တရားမဝင် ရွှေတူးဖော် နေမှုကြောင့် ချောင်းရေတွင် ဓါတုဆေးဝါး များပါဝင်လာမည်ကို စိုးသဖြင့် အသုံးပြု ရမည်ကို စိုးရိမ်နေရကြောင်း ဇင်းဘာ၊ ကလိန်အောင် ဒေသခံများက ပြောဆိုနေ ကြသည်။
တနင်္သာရီမြိုနယ်၊ ကြိမ်ချောင်းရွာ သားများသည်လည်း တရားမ၀င်သတ္တုတူးဖော်မှုများကြောင့် ကြိမ်ချောင်းရေ နောက်ကျိကာ ငါးများ ရှားပါးလာသဖြင့် ကူညီပေးပါရန် ဒေသခံများက တနင်္သာရီ တိုင်းလွှတ်တော်သို့ ၂၀၁၆ ခုနှစ်က တိုင်ကြားခဲ့ဖူးသည်။

Dawei Watch