ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် အိမ်ခြေ ငါးပုံလေးပုံခန့် လေဘေးသင့်

0
968

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင်လေပြင်းတိုက် ခတ်မှုကြောင့် အိမ်ခြေ ငါးပုံလေးပုံခန့်မှ လူဦးရေနှစ်ထောင်နီးပါး လေဘေးသင့်ခဲ့ကြောင်း ကုလားဂုတ်ကျွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇန်န၀ါရီလ ၈ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကုလားဂုတ် ကျွန်းအောက်ဆိပ်တွင် နေအိမ် ၁၁၁ လုံး ပြိုကျခဲ့ပြီး နေအိမ် ၃၀၀ ခန့်မှာ အမိုးလန်ခြင်း နှင့်အခြားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ကျွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
၎င်းအပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင် ၃ ဆောင်တို့လည်း အမိုးလန်ခဲ့ကြောင်း ကျွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“အခက်အခဲတွေတော့ အများကြီးရှိနေတယ်၊ အဓိက စားရေးသောက်ရေး ဆန်တွေလိုအပ်တယ်၊ နေအိမ်တွေ ပြန်ဆောက် နိုင်ဖို့အတွက် အခက်အခဲတွေရှိနေပါတယ်၊ လူတွေကတော့ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ထားဘူး။ ကိုယ့်အိမ်တွေမှာပဲ နေနေ ကြတယ်”ဟု ကုလားဂုတ်ကျွန်းအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောသည်။
လေဘေးသင့်သူများအတွက် ကယ် ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ ဆောင် ရွက်လျက်ရှိပြီး ပြိုလဲပျက်စီးသွားသည့် နေအိမ်များအတွက်လည်း တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်း ကူညီထောက်ပံ့သွားမည် ဟု ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးက ပြောသည်။
လေဘေးသင့်ခဲ့သည့် ကုလားဂုတ်ကျွန်း သို့ ဘေးအန်္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနအပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်းတို့ကလည်း ကူညီထောက်ပံ့ရေးများ သွားရောက်လုပ်ဆောင်လျက် ရှိသည်။
၎င်းအပြင် ရေးမြို့ရှိ လူမှုအဖွဲ့အစည်းတို့ကလည်း လေဘေးသင့်ပြည်သူများ အတွက် ဇန်န၀ါရီလ ၉ ရက် နံနက်ပိုင်းတွင် ရေးမြို့တွင် အလှူမဏ္ဍပ်ဖွင့်လှစ်ပြီး အလှူ ငွေများ လက်ခံလျက်ရှိသည်ဟု ရေးမြို့ခံ တစ်ဦးထံမှ သိရသည်။
ကုလားဂုတ်ကျွန်းတွင် အထက်အဆိပ်၊ အလယ်ဆိပ်နှင့် အောက်ဆိပ်ဟူ၍ နေရာသုံး နေရာရှိပြီး အောက်ဆိပ်တစ်ခုသာ လေဘေး သင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်စနိုင်း