ကျွန်းနှင့်ကမ်းခြေများတွင် ခရီးသွားလုပ်ငန်း မြေနေရာလျှောက်ထားမှု အလွယ်တကူ ခွင့်မပြုရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

0
541

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းများနှင့် ကမ်းခြေနေရာများတွင် ခရီသွားလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားမှုများကို အလွယ်တကူ ခွင့်မပြုရန် တိုင်းအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့က တောင်းဆိုလိုက်သည်။
လောင်းလုံးမြို့နယ်တွင် ပဲ့စင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ ၊ စမ်းလှမ်းရွာအနီးရှိ ကျွန်းတစ်ကျွန်းနှင့် ပညစ်ကျွန်းတို့တွင် အပန်း ဖြေစခန်းဆောက်ရန်အတွက် ကုမ္ပဏီလေးခုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအား လုပ်ကိုင်ခွင့်ကို ရန်ကုန်မြို့ အခြေစိုက်ကုမ်္ပဏီများ က လျှောက်ထားခဲ့သည်။
ယင်းသို့ လျှောက်ထားမှုနှင့်ပတ်သက် ၍ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့က စုပေါင်းပြီး ဇန်နဝါရီလ ၇ ရက်တွင် သဘော ထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လျှောက်ထားသည့် နေရာများက မိရိုးဖလာကမ်းနီးရေလုပ်သားများ အဓိကမှီခို အသုံးပြုနေရသည့် နေရာများဖြစ်နေပြီး ဒေသခံများ၏ သဘောဆန္ဒများကို မျက်ကွယ်ပြုပါက မြေယာပြဿနာအသစ်များ ဖန်တီး သကဲ့သို့ဖြစ်မည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေလုပ်သားများ၏ အသက်ရှင်သန် ရပ်တည်မှုကို စိုးရိမ်ခြင်း၊ အများပြည်သူပိုင် မြေနေရာများ ပျောက်သွားမည်ကို စိုးရိမ် ခြင်း၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းတိုးတက်စေလိုခြင်း စသည့် အချက်များကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ရာတွင် ပါဝင်သည့် ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ဆိုသည်။
“အဓိကကတော့ တာဝန်ရှိတဲ့ မဏ္ဍိုင် ကြီးတွေကို သိစေချင်တယ်၊ အများပြည်သူလည်း သိစေချင်တယ်” ဟု ဦးဇော်သူရက ပြောသည်။
အဆိုပါနေရာများတွင် ခရီးသွားလုပ် ငန်းအတွက် မြေနေရာလုပ်ကိုင်ခွင့်လျှောက် ထားမှုနှင့် ပတ်သက်၍ အကျိုးသက်ရောက် မည့် ဒေသခံများ၏ သဘောထားကို အလေးထားရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်း နေရာလေးခုတွင် လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ ၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၅ ရက် အထိ ကန့်ကွက်နိုင်ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။
ဇန်န၀ါရီလ ၅ ရက်အထိ ကန့်ကွက်လွှာ များကို ကျောက်တွင်းကမ်းခြေအတွက် ၅ စောင်၊ ပဲ့စင်ကျွန်းအတွက် ၄ စောင်၊ ပညစ် ကျွန်းအတွက် ၂ စောင်နှင့် စမ်းလှမ်းရွာအနီး ရှိကျွန်းအတွက် ၁ စောင် ပေးပို့ထားကြကြောင်း ယင်းဌာနထံမှ သိရသည်။
ကန့်ကွက်လွှာအချို့မှာ ရေလုပ်သား များ၊ ဒေသခံများရာချီ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ထားကြခြင်း ဖြစ်သည်။