နှစ်သစ်မှာ ဒီဆု တောင်းချင်တယ်

0
489

နှစ်ဟောင်းကုန်လွန်လို့ နှစ်တစ်နှစ် အစပြုကြပြီဆိုသည်နှင့် ဆုမွန်ကောင်းများ တောင်းလေ့ရှိကြသည်။ “လူသစ် စိတ်သစ်ဖြင့် မင်္ဂလာရှိသော နှစ်သစ်မှာ မင်္ဂလာအပေါင်းဖြင့် ခညောင်းကြပါစေ”  “ချမ်းမြေ့သာယာ ပျော်ရွှင်ကြပါစေ” စသဖြင့် ကောင်းသော စေတသိတ်ဖြင့် ကောင်းမွန်သော တောင်းဆု ခြွေလေ့ရှိသည်။

ကျွန်တော်လည်း တောင်းဆုတစ်ခု ခြွေလိုပါသည်။

“ပြည်ထောင်စု သမ်္မတဖေ့စ်ဘွတ် နိုင်ငံတော် တည်ထောင်နေကြသည့်အဖြစ်မှ လွတ်မြောက်တော် မူနိုင်ကြပါစေ” ဟူလို။

ပြီးခဲ့သည့် နှစ်များအတွင်း စီစီညံညံ ဖေ့စ်ဘွတ် လူမှုကွန်ရက် အသံများက အတော်ထိရောက်ခဲ့သည်။ ဘာတွေဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာ တင်လိုက်သည်နှင့် ပြုပြင် ပြောင်းလဲရေးလမ်းပေါ်သို့ သိသိသာသာ ရောက်သွားသယောင်ယောင် ထိရောက် သော အရွေ့အချို့ တွေ့ရသည်။ ထင်ရှားသော သာဓကများပြရလျှင် သရုပ်ဆောင် အောင် ရဲထွေး အသတ်ခံရသော လူသတ်မှုမှသည် တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ခဲ့ကြသလိုမျိုး။

ရုပ်ရှင်မင်းသား ကိုသီဟတင်စိုးအား လိမ်လည် တရားအစွဲခံရသည့်အမှုမှာ ဥပဒေကြောင်းအရ ဧကန်ဧက အချုပ်ဖြင့် ဖြေရှင်းရမည့်အမှုမျိုးမှ ဖေ့စ်ဘွတ်အစွမ်း ဖြင့် ရုန်းထွက်နိုင်သလိုမျိုး။

ကျန်းမာရေးဆရာမ ဒေါ်သန်းသန်း မြင့် တရားရုံးသက်သေခံထွက်ပြီးအပြန် မူးယစ်ဆေးဝါးဟု ယူဆရသောအရာများ ကို ဆိုင်ကယ်အတွင်း ထည့်ကာထောင် ချောက်ဆင် အဖမ်းခံရသော အမှုမျိုးမှ အာမခံဖြင့် ရင်ဆိုင်ခွင့်ရသော အဖြစ်မျိုး။

ငပလီမှ တိုက်နယ်ဆရာဝန်က မိမိ တိုက်နယ်ဆေးရုံမှာ လူနာများရှိပါလျက် ငပလီဟိုတယ်တွင် မူးလဲသော ပြန်ကြားရေး ညွှန်ချုပ်အား အိမ်တိုင်ရာရောက် ပြုစုကုသ မှုမပေးသည် စွဲချက်ဖြင့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမည့်အဖြစ်မှ ဖေ့စ်ဘွတ် အစွမ်းဖြင့် ပပျောက်သွားသည့် အမှုမျိုး။

ဖေ့စ်ဘွတ်မှတဆင့် ဗဟိုဝန်ထမ်း တက္ကသိုလ်၏ လုပ်ထုံးလုပ်နည်းများနှင့် စနစ်ကို ဝေဖန်ခြင်းအတွက် ဒေါက်တာ စိုးသူရဇော်အား ဌာနဆိုင်ရာ စုံစမ်းစစ် ဆေးမည့်ကိစ်္စအား ပျက်ပြယ်စေခြင်း စသည် တို့သည် ၂၀၁၈ ခုနှစ်မှာ ဖေ့စ်ဘွတ်ကြောင့် ဖြစ်ပေါ် ပြောင်းလဲလာသောအရာများအနက် အချို့ဟု ဆိုရပေမည်။ အတော်ကို တန်ခိုးထွားသည့် လူမှုကွန်ရက်ဟု ဆိုရ လောက်သည်အထိ ထိရောက်သည်။

သို့ဆိုလျှင် ဘာလို့များ အဲသည်ဆု တောင်းရလေသနည်း။ ဖေ့ဘွတ် ဂုဏော အနနေ်္တာ၊ ဖေ့စ်ဘွတ် သရဏံ ဂစာ်္ဆမိ စသဖြင့် ရွတ်ဆိုဆုတောင်းကြလျှင်သာ မကောင်း ကြပေဘူးလောဟု မေးစရာရှိပါ၏။

ပြောမှသိ၊ ထိမှနာဆိုသလို ပြောပါ မှ ထထ လုပ်ကြရသော အခြေအနေသည် လည်းကောင်း၊ လူအုပ်ကြီးက ယို့ယို့ စသဖြင့် ဖိအားပေးလာပါမှ လုပ်ကြသော အလုပ်သည်လည်း ကောင်းကောင်းမွန် သော အခြင်းအရာ မဟုတ်။ မိမိလုပ်သင့် သည်ကို မိမိဘာသာ အနာဂတ်အစီအစဉ်၊ အနာဂတ်အမြင်ဖြင့် ချီတက်နေသည့် အနေအထား မဟုတ်ပါဘဲ သူများပြောဆို တွန်းတိုက်မှ ယောင်တောင်ပေါင်တောင် ထလုပ်နေကြရသလိုမျိုး ဖြစ်နေသည်။

ခက်တာက ဖေ့ဘုတ်သည် ပေါ်ပင် ဆန်သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို သဉ္ဇာဝင့်ကျော်ရဲ့ ပွဲတက် ဖက်ရှင်က ကယ်သည်။ ကွီးဖြိုး ၊ ဗိုလ်ချုပ်ဟောင်းနှင့် စာရေးဆရာအသင်းက ကယ်သည်။ စသဖြင့် ဦးတည်ချက် အာရုံစူးစိုက်ချက်ဗဟိုသည် မတည်မြဲ။ ပေါ်ပင် အာရုံပြောင်းကာ မတည်မြဲချေ။ သို့ဖြင့် ဆန်စင်ရာ ကျည်ပွေ့လိုက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြောဆို ထောက်ပြမှုများအပေါ် ရှုမြင်ပုံ မှားသည်။

ပြောသူကိုပဲ ကျပ်ဖို့ ကြံသည်။ အလုပ် ထဲမနေနိုင်အောင် ဘောင်အတွင်းမှ ဖိအားပေးသည်။ မိမိတို့ ကိုယ်တိုင် ပြုလုပ် ကြရမည့် အလုပ်နှင့် တာဝန်ကို မပြု လုပ်လိုကြ၊ လုပ်ဖို့ရာလည်း လုပ်ကြရမည့် မာစတာပလန်၊ မဆလာ ပန်းကန်က မရှိကြ။

ဆိုပါစို့၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ပြည်သူ့ဆေးရုံများတွင် ၀န်ထမ်း အင်အား သုံးပုံတစ်ပုံ မရှိ၊ လုပ်နေရသည့် ဖိအားက ၀န်ထမ်းအင်အား အပြည့်ဖြင့် လုပ်ရမည့် ၀န်ထုပ်ဝန်ပိုး၏ နှစ်ဆမက လုပ် နေကြရပါသည်။ သို့အတွက် ၀န်ထမ်းအင် အား ဖြည့်ပေးဖို့ လွှတ်တော်မှာ တင်ပြ သည်။ နှစ်ကာလအားဖြင့် နှစ်နှစ်တာကာ လ ကြာလာသည့်တိုင် ယင်းအတွက် ရေတို၊ ရေရှည်အစီအစဉ်ကို မပြနိုင်။

တစ်နိုင်ငံလုံးမှာ ပြတ်လပ်မှုဖြစ်နေ သည့်အတွက်ဆိုသည့် အကြောင်းပြချက် နှင့် ၀န်ထမ်းအင်အား ရလာပါက ဆောလျင် စွာ ပေးပါ့မည်ဆိုသည့် ယေဘုယျ အဖြေမှ လွဲပြီး ထိရောက်သော အဖြေမပေးနိုင်ပါ။ မည်သည့်မူဖြင့် မည်သို့သွားမည်။ အချိန် ကာလ ဘယ်မျှတွင် ပြေလည်ပါမည် စသဖြင့် ရည်မှန်းချက်နှင့် အချိန်ကာလကို ချမပြနိုင်။

သည်အကွေ့ကို သည်တက်ဖြင့် လှော်မည်။ ဟိုအကွေ့ကို ဟိုတက်ဖြင့် လှော်မည်ဟူသည့် တစ်ပွဲတိုးအဖြေကို အဟုတ်မှတ်ကာ ဌာနဆိုင်ရာတွေ မွေ့ ပျော်နေကြဆဲ။

နှစ်ဟောင်းကုန်လွန်လို့ နှစ်တစ်နှစ် အစပြုကြပြီဆိုသည်နှင့် ဆုမွန်ကောင်း များ တောင်းလေ့ရှိကြပါ၏။ လူသစ် စိတ် သစ် မင်္ဂလာရှိသော နှစ်သစ်မှာ မင်္ဂလာ အပေါင်းဖြင့် ခညောင်းကြပါစေ။ ချမ်းမြေ့သာယာပျော်ရွှင်ကြပါစေစသဖြင့် ကောင်းသော စေတသိတ်ဖြင့် ကောင်းမွန် သော တောင်းဆုတို့ ခြွေလေ့ရှိကြပါ၏။

သို့လျှင် ဆုတောင်းကြရစတမ်းဆိုပါ လျှင် ကျွန်တော် တောင်းဆုခြွေလိုသည်မှာ ပြောမှ ထထလုပ်သည့် ပြည်ထောင်စု သမ္မတ ဖေ့စ်ဘွတ် နိုင်ငံတော် တည်ထောင်နေကြ သည့်အဖြစ်မှ လွန်မြောက်လျက် မိမိအသိ မိမိတာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိ လေသော နိုင်ငံတော်နှင့် နိုင်ငံသား၊ နိုင်ငံဝန်ထမ်းတို့အဖြစ် အိပ်ချင်မူးတူး အဖြစ်တွေမှ ဆောလျင်စွာ နိုးထတော်မူနိုင် ကြ ပါစေဟူလို။      ။

 

                   ကိုရိုးဆေး