ကျန်းမာရေးဝန်ထမ်းများအား ထားဝယ်စာပါဝင်လာမည့် တက်ဘလက် ရှစ်ရာနီးပါး ဖြန့်ဝေ

0
488

ထားဝယ်ဘာသာစကား ပြန်ဆိုထား သည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက် အလက်များ ပါဝင်လာမည့် တက်ဘလက် အလုံးရေရှစ်ရာနီးပါးကို တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ဖြန့်ဝေပေးခဲ့သည်။

တိုင်းအတွင်းရှိ မြို့နယ် တိုက်နယ် ဆရာဝန် ၃၈ ဦးနှင့် ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သားဖွား ဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် အစရှိသည့် အခြေခံကျန်းမာရေးဝန်ထမ်း ၇၁၉ ဦးအား ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးစံပြုအချက် အလက်များကို ထားဝယ်ဘာသာစကား အပါအ၀င် တိုင်းရင်းသားဘာသာစကား ၄၃ မျိုးဖြင့် ပြန်ဆိုထားပြီး အချောသပ် သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ လ ၃၁ ရက်က ပြုလုပ်သည့် တက်ဘလက် များ ပေးအပ်ပွဲတွင် ၎င်းင်းက ပြောသည်။

“တိုင်းရင်းသားဘာသာစကား ၄၃ ဘာသာ ကိုလည်း ပြန်ဆိုပြီးဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များကို ဘာသာ စကား အလိုက် စံပြုအချက်အလက်များ ဘာသာပြန်ဆိုထားတာကို ထည့်သွင်း သွားမှာဖြစ်ပါတယ်”ဟု ဒေါ်အေးအေးစိန် က ဆိုသည်။

တက်ဘလက်များတွင် ကျန်းမာရေး ဆိုင်ရာ စံပြုအချက်အလက်များအပြင် ကျန်းမာရေး၊ ကုသရေးနှင့်သက်ဆိုင်သည့် အက်ပလီဂေးရှင်း (App)များ၊ စာအုပ် စာတမ်းများပါဝင်ပြီး နောက်ပိုင်းတွင် တိုင်းရင်းသားသာသာပြန်ထားသည့် အချက်အလက်များ၊ App နှင့် စာအုပ် စာတမ်းများကို ရုံးချုပ်က ထပ်မံထည့်သွင်း နိုင်မည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးစိန်က ရှင်းပြသည်။

ဆရာဝန်များကိုဖြန့်ဝေပေးသည့် တက်ဘလက်မှာ မျက်နှာပြင် အကျယ် ၈ လက်မရှိပြီး အခြေခံကျန်းမာရေး      ၀န်ထမ်းများသို့ ဖြန့်ဝေသည့် တက်ဘလက် မှာ မျက်မှာပြင်အကျယ် ၇ လက်မရှိကာ ဆမ်ဆောင်းတံဆိပ် အမျိုးအစားများဖြစ် သည်။

တက်ဘလက်ကို ဇန်န၀ါရီလ ၇ ရက် တွင် ဖြန့်ဝေပေးမည်ဟုသိရပြီး လက်ရှိ တွင် တက်ဘလက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို မသိရသေး ကြောင်း လောင်းလုံးမြို့နယ်အတွင်း တာဝန် ကျနေသည့် သားဖွားဆရာမတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းအပါအ၀င် တိုင်းနှင့် ပြည်နယ် ခြောက်ခုတွင် တက်ဘလက် အလုံးရေ ၉၄၂၂ လုံးကို ဖြန့်ဝေပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

 

                         ကိုဇော်