ခုနစ်တွင်းရေ

0
686

“ရေတွင်းမှာ ရေနည်းနည်းလောက် ခပ်ခိုင်းပါ”

နေ့စဉ်ရေလာခပ်နေမဟုတ်သောပတ်ဝန်းကျင် အိမ်တစ်ဆောင်ဆောင်က ရေပုံးငယ်တစ်ခုခုဖြင့် ထိုသို့ ပြောလာလျှင် သေချာပါသည်။ ထိုသူသာ ၇ တွင်းရေ စုနေသူ ဖြစ်ပါလိမ့်မည်။

ပစ္စည်းတစ်ခုခု အန္တရာယ်ကင်း ဘေးရှင်းရန် ၇ တွင်းရေဖြင့် သွန်းလောင်း ဆုတောင်းတတ်သည်က တနင်္သာရီတိုင်းသားတို့၏ ဓလေ့တစ်ခုဖြစ်ခဲ့ဖူးပါသည်။

ဆိုင်ကယ်၊ ကား၊ စက်ဘီးမှအစ ပစ္စည်း အသစ်တစ်ခုခု ၀ယ်လာလျှင်ဖြစ်စေ၊ လှေ၊ လှည်း၊ ငါးဖမ်းပစ္စည်း စသဖြင့် တစ်ခုခု အသစ်ပြုလုပ်ပြီးလျှင်ဖြစ်စေ ဘေးအန္တာယ်ကင်းရေး ၇ တွင်းရေနဲ့ ဆေးလောင်းကြလေ သည်။

လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာ အသက် ၆၉ နှစ်အရွယ် ဒေါ်တင်ထွေးကမူ ၇ တွင်းရေ ဆေးလောင်း စရာ တစ်ခုခုရှိလျှင် အိမ်မှ တစ်ယောက်ယောက်ကို ခိုင်းလျှင် ၇ တွင်း ပြည့်အောင်မခပ်ဘဲ လာညာမည်စိုးသဖြင့် ကိုယ်တိုင်လိုက်ခပ် သည်ဟု ဆိုပါသည်။

“ထောင်ကထွက်လာတဲ့သူတွေလည်း ခုနစ်တွင်းရေနဲ့ ခေါင်းလျှော်ခိုင်းတယ်။ ရေချိုးခိုင်းတယ်။ အဲတာတွေက ရှေးထုံး အစဉ်အလာတွေပေါ့။ ဖွားတို့ အဖိုးအဘွား လက်ထက်ကတည်းကကို လုပ်လာကြ တာ” ဟု ဒေါ်တင်ထွေးက ပြောသည်။

ဝင်ငွေ ရှာဖွေမည့် လိုင်းကား၊ လှည်း၊ လှေ၊ ငါးရှာမည့် ငါးဖမ်းပစ္စည်း၊ တက္ကစီဆွဲမည့် ဆိုင်ကယ်၊ စသည်တို့ဆိုက ၎င်း ပစ္စည်းများဖြင့် ရွှေငွေ ၀င်စေရန် ရည်ရွယ်ကာ ရွှေထည်ပစ္စည်းတစ်ခုခုနှင့် ငွေအကြွေစေ့ သို့မဟုတ် ငွေက္ကူအသစ် တစ်ရွက်ရွက်ကို ၇ တွင်းရေထဲ ထည့်လောင်းကာ ရွှေတွေငွေတွေ ၀င်ပါစေဟု ဆုတောင်းကြသည်။

“ခုနစ်တွင်းကရေရလာပြီဆို ရေထဲ ရွှေဆွဲကြိုးစိမ်ပြီးတော့ အောင်သပြေရွက်နဲ့ ခေါင်းကနေခြေအထိ ဘေးအန္တရာယ် ကင်းပါစေဆိုပြီး ဖြန်းပေးတာပေါ့”ဟု ဒေါ်တင်ထွေးက ပြောသည်။

တချို့က ၇ တွင်းရေကို နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တိုင်း မဖြစ်မနေ သုံးကြသည်။

၇ တွင်းရေကို ယခင်အချိန် ကတည်းက သုံးဖူးပြီး ယခုအချိန်တွင်လည်း တစ်နှစ် အနည်းဆုံးတစ်ကြိမ်ခန့် အသုံးပြုသေးကြောင်း မြိတ်မြို့ မြိတ်တောင် ရပ် နေအသက် ၅၂ နှစ်ရှိ ဒေါ်ကြူကြူလွင် က ပြောသည်။

နှစ်ဆန်း ၁ ရက်နေ့တွင် ၇ တွင်းရေ ဖြင့် ပရိတ်ရွတ်ပြီး အိမ်နဲ့ခြံပတ်လည်အား လိုက်ဖြန်းခြင်း၊ တရော်ကင်ပွန်းဖြင့် ခေါင်း ဆေးခြင်းတို့ ပြုလုပ်ကြောင်း ဒေါ်ကြူကြူလွင် က ပြောသည်။

“မကောင်းတဲ့ဟာတွေ ခန်္ဓာကိုယ်မှာ ကပ်ငြိနေမယ်ဆိုရင် အဆိုးတွေအညံ့တွေ ထွက်သွားအောင် အန်္တရာယ်ကင်းသွား အောင် ရွတ်ဆိုပြီးတော့ သုံးတယ်၊ ဒီလို လုပ်လို့ အန်္တရာယ်ကင်းတယ် အကျိုးပေးတယ် လို့ တအားကြီး အယုံအကြည်မရှိပေမဲ့ လည်း လူကြီးမိဘတွေက လုပ်လာ တော့လည်း လိုက်လုပ်တဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။

၇ တွင်းရေ အသုံးပြုခြင်းမှာ ထားဝယ် ဒေသ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ၇ တွင်း ရေသည် အခိုက်၊ အဟန့်များ ပပျောက် ကံပွင့်သည်ဟု ခေါင်းလျှော်၊ ရေချိုးပြုခြင်း၊ အိမ်ရှိဘုရား ရုပ်ပွားတော်အား ရေသပ္ပာယ် ခြင်း၊ အိမ်သစ်တက် မင်္ဂလာတွင် မင်္ဂလာရေ အဖြစ် အိမ်ကို ဆေးကြောခြင်းတို့ ပြုကြ ကြောင်း လင်းနိုင်(Watch Watch)က ကမ်းရိုးတန်းဆည်းဆာ ၀က်ဖ်ဆိုက်တွင် ရေးသားထားသည်။

ယခု နှောင်းလူငယ်အချို့မှာ ၇ တွင်းရေ အသုံးပြုခြင်းကို မသိကြတော့ပေ။

၇ တွင်းရေနဲ့ ပတ်သက်ပြီး အမေ လုပ်တာမြင်ဖူးသော်လည်း ပြီးခဲ့သည့် နှစ် ၂၀ ခန့် အမေ့နောက်ကွယ်မှစ ယင်း ဓလေ့ကို မလုပ်ဖြစ်တော့ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ မစန်္ဒာက ပြောသည်။

“အမေမရှိတော့ သားသမီးတွေလည်း မလုပ်ဖြစ် အယုံအကြည်လည်း သိပ်မရှိကြ တော့ဘူး” ဟု အသက် ၄၀ အရွယ် မစန္ဒာက ပြောသည်။

မြိတ်တွင် မေးမိသည့် အသက် ၂၀ အရွယ်မိန်းကလေး ၃ ယောက်မှာ ၇ တွင်းရေကို တစ်ယောက်သာကြားဖူးပြီး ဘာအတွက်လုပ်မှန်းမသိဟု ဆိုသည်။

လူကြီးအချို့လည်း ယခင်ကဲ့သို့ တွင်ကျယ်စွယ်စွာ အသုံးမပြုတော့ပေ။

“ဒီဓလေ့တွေက တဖြည်းဖြည်း တော့ ပျောက်ကွယ်လာနေပြီ။ တစ်ယောက်စ နှစ်ယောက်စကတော့ လုပ်ကြသူတွေ လည်း ရှိနေကြသေးတယ်” ဟု မြိတ်မှ ဒေါ်ကြူကြူလွင် ကပြောသည်။

၇ တွင်းရေက အိမ်တွင်း၊ ခြံတွင်း၊ ကိုယ်တွင်း ဂြိုဟ်ဝင်ဂြိုဟ်ထွက် ကောင်း သည်ဟု ယုံကြည်သော ထားဝယ်၊ ပုံကျွန်းရပ်ကွက်၊ ဒေါ်မေမေယုသည်လည်း ယခုနောက်ပိုင်း ၇ တွင်းရေအသုံးပြုသူ သိပ်မတွေ့ရတော့ဟု ဆိုသည်။

“အခုခေတ်ကတော့ သိပ်ပြီး အယုံ အကြည်မရှိကြတော့ဘူး၊ တချို့လည်း လုပ်နေကြတုန်းပဲ၊ တချို့လည်း မလုပ် ကြတော့ဘူး” ဟု ဒေါ်မေမေယုက ပြော သည်။

အချို့ကား ၇ တွင်းရေမှ ၇ တွင်းရေ..။

“အစ်မကတော့ ခုနစ်တွင်းရေကို အခုထိသုံးနေသေးတယ်။ ဆိုင်ရောင်း မကောင်းတာကစပြီး နေမကောင်းအထိ ခုနှစ်တွင်းရေနဲ့ ဖြန်းလိုက်ရင် ကောင်းကို ကောင်းသွားရော။ လူလဲခုနစ်တွင်းရေနဲ့ ချိုးဖူးတယ်” ဟု ထားဝယ်မြို့ အိုးလုပ်ပြင် ရပ်ကွက်မှ ဒေါ်ခင်နှောင်းက ပြောသည်။

ရေတွင်းရှားသည့် မြို့ပြတွင် အခြေအနေ အရ ၇ တွင်းရေ အရေးပေါ်လိုပါက အိမ် ခုနစ်အိမ်၏ ရေအိုး ၇ အိုးထဲက ရေခပ်ပြီး ၇ တွင်းရေအဖြင့် အသုံးပြုလိုက်ကြောင်း အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်ခင်နှောင်းက ပြောသည်။

“အားသန်တာကတော့ တွင်းရေကိုပဲ အားသန်တယ်။ တွင်းရေက မြေဓာတ်၊ ရေဓာတ်တွေပေါင်းပြီး ပါနေတာလေ” ဟု ဒေါ်ခင်နှောင်းက ဆိုသည်။        ။

 

            တနင်္သာရီသတင်းအဖွဲ့