ပညာရွှေပြည်ဘော်ဒါတွင် သိပ္ပံနှင့် နည်းပညာ လက်တွေ့စမ်းသပ်မှု စွမ်းရည် ပြပွဲပြုလုပ်

0
1236

ထားဝယ်မြို့ရှိ ဆရာမိုးဒီပညာရွှေ ပြည် ကိုယ်ပိုင်ကျောင်းမှ အခြေခံပညာ ကျောင်းသားများ၏ သိပ်္ပံနှင့် နည်းပညာ လက်တွေ့စမ်းသပ်မှု စွမ်းရည်ပြပွဲကို ဇန်န၀ါရီလ ၄ ရက်မှ ၆ ရက်အထိ ယင်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြပွဲတွင် သိပ္ပံ(Science)၊ နည်းပညာ(Technology)၊ စက်မှုပညာ (Engineering)နှင့် သချာင်္ပညာ(Mathematics) ဘာသာရပ်လေးခုကို ပေါင်းစပ်ထားသည့် STEM ဘာသာရပ်အသစ်ဖြင့် ကျောင်းသားများကို သင်ကြားခြင်းဖြင့်ကြောင်း ယင်းကိုယ်ပိုင်ကျောင်းပိုင်ရှင် ဆရာမိုးဒီက ပြောသည်။

“ပုံမှန်သင်ကြားနေတဲ့ ကျောင်းသင် ခန်းစာတွေကို  ဒီ STEM လို့ခေါ်တဲ့  သင်ကြားမှုနည်းစနစ်နဲ့ ပေါင်းစပ်ပြီးတော့ သဘာဝ ဖြစ်စဉ်တွေရဲ့အစိတ်အပိုင်းတွေကို ပေါင်းစည်းပြီးတော့ ကလေးတွေ အကောင်အထည် ဖော်လာတတ်စေဖို့ပါ”ဟု ဆရာ မိုးဒီက ဆိုသည်။

ယင်းပြပွဲတွင် ပါဝင်သည့် ကျောင်းသားများကို Fun & Learn Education Center က ဆရာများက STEM ဘာသာရပ်ကို လာရောက်ကာ သင်ကြားပေးခြင်း ဖြစ်သည်။

သင်ကြားရာတွင် ကျောင်းသူ၊ ကျောင်းသား ငါးယောက်ခန့်ပါဝင်သည့် အုပ်စုငယ် များဖွဲ့ကာ ထရပ်ကား၊ အမှိုက်ကား စသည့် ပရောဂျက် အသေးစားများကို ကျောင်းသားများ ကိုယ်ပိုင်စိတ်ကူးဖြင့် တီထွင်ကြံဆ ဖန်တီးစေခဲ့ကြောင်း Fun & Learn Education Center မှ အထွေထွေ မန်နေဂျာ ဒေါ်ဧရာမောင်မောင် က ပြောသည်။

ယင်းစွမ်းရည်ပြပွဲကို ထားဝယ်မြို့ တွင် ပထမဦးဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆရာမိုးဒီပညာရွှေပြည် ကိုယ်ပိုင်ကျောင်း မှ အလယ်တန်းနှင့် အထက်တန်းကျောင်းသား သုံးရာကျော်က ယင်းစွမ်းရည်ပြပွဲတွင် ပါဝင်ခဲ့ကြောင်း ဆရာမိုးဒီက ပြောသည်။

လာမည့် ပညာသင်နှစ်တွင်လည်း ယင်းကဲ့သို့ စွမ်းရည်ပြပွဲမျိုး လေးကြိမ်ခန့် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။

ကျော်သူစိုး