တနင်္သာရီတိုင်း၏ ၂၀၁၈ ခုနှစ် ထူးခြားဖြစ်စဉ်များ

0
783

ထားဝယ်မြေတိုက်ကျောင်းမီး လောင်မှု

 

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ထားဝယ်မြေတိုက်ကျောင်း ပင်မကျောင်း ဆောင် မေလ ၁၁ ရက်ညက မီးလောင်ခဲ့သည်။

အဆိုပါမီးလောင်မှုတွင် ထားဝယ်ခရိုင်အတွင်း ထင်ရှားကျော်ကြားသော ဂဏ၀ိမုတ်ကူးတို့ဂိုဏ်း ပထမဂိုဏ်းချုပ် ဆရာတော်အား ဂဏ၀ိမုတ်အရာ ထားတော် မူသည့်စာချွန်တော်နှင့် မြန်မာသက်္ကရာဇ် ၁၂၅၈ (ခရစ်နှစ် ၁၈၉၆)ခုနှစ်တွင် ကူးတို့ ဂိုဏ်းအား အသိအမှတ်ပြုကြောင်း အတုမရှိ တိုက် သမ်္မုတိသာသနာပိုင် ပုခန်းဆရာတော်က အမိန်တော်ရှိသည့် စာချွန်တော်များ မီးထဲ ပါသွားခဲ့သည်။

၎င်းအပြင် ပင်မကျောင်းဆောင်ပေါ် တွင် ထားရှိသည့် ရှေးဟောင်းရွှေပုရပိုက် များ၊ ပေစာများ၊ ကျမ်းစာအုပ်များနှင့် အခြားရှားပါး စာအုပ်စာတမ်းများနှင့် ရှေးဟောင်းပစ်္စည်းတို့ ထားရှိရာ ပစ်္စည်းအား လုံး မီးထဲပါသွားသည်။

အဆိုပါမီးလောင်မှုမှာ မျက်နှာကျက်ပေါ်ရှိ ဟောင်းနွမ်း နေသည့် ၀ါယာကြိုးများ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရ သည်။

ရှေးဟောင်းကျောင်းဆောင်နှင့် စာချွန်တော်များ၊ ရှေးဟောင်းပစ်္စည်းများ မီးထဲပါသွားသည့်အဆိုပါမီးလောင်မှုကို ၂၀၁၈ ခုနှစ်၏ ထူးခြားသည့် ဖြစ်စဉ်တစ်ခု အနေဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။



 

ရဲမေကို ရေပက်မှုကြောင့် တရားစွဲ ခံရသူများနှင့်လူမှားရိုက်ခံရသူများ

 

၂၀၁၈ ခုနှစ်အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ညနေ ၆ နာရီခန့်တွင် နေအိမ်မှ ထားဝယ်မြို့မ ရဲစခန်းသို့ သွားသည့် ရဲမေကို ဥဿရံရပ်ကွက်၊ ကမြောကင်းလမ်းတွင် လူငယ်တစ်စုက ရေပက်ခဲ့ခြင်းဖြစ်သည်။

ရေပက်ခဲ့သည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီး ချိန်တွင် ကမြောကင်းလမ်းတွင်ပင် “က” နေသည့် အခြားလူငယ် တစ်စုကို ရိုက်နှက်ခဲ့ပြီး လူ ၁၅ ဦးခန့် ဒဏ်ရာရခဲ့သည်။

ရဲမေအား ရေပက်ခဲ့သည့် လူငယ် ၇ ဦးအား ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန် လက်ရောက်မှု၊ မိန်းကလေး၏ ကာယ အိနြေ်္ဒ ပျက်စီးစေမှု စသည့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းဖြစ်စဉ်တွင် ရေပက်သည့် လူငယ်တစ်စုက ရဲမေ၀တ်ဆင်ထား သည့် မိုးကာအင်္ကျီကို အတင်းဆွဲချွတ်၍ ပခုံးကိုကိုင်ခဲ့သည့်အပြင် ဆိုင်ကယ်ဦးထုပ်ကို ဆွဲလှန်ကာ ရေပက်ခဲ့သည်ဟု တနင်္သာရီ တိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ရေပက်ခဲ့သည့် လူငယ်များကမူ ဆိုင်ကယ်ကို တားပြီးရေလောင်း ချိန်တွင် ရဲမေက စိတ်ဆိုးပြီး မိုးကာအင်္ကျီကို ကိုယ်တိုင်ချွတ်ကာ လမ်းပေါ်ပစ်ချခဲ့ခြင်းဖြစ် သည်ဟု ဆိုကြသည်။

“က” နေသည့် လူငယ်များကို ၀င်ရောက် ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုမူ မှင်နီတားခြင်း၊ ရာထူးတိုးဖြေဆိုခွင့်ပိတ် ခြင်း၊ ရဲအချုပ်တွင် ၁ လ ချုပ်နှောင်ခြင်း စသည့် ပြစ်ဒဏ်များကို ရာထူးအဆင့် အလိုက် ချမှတ်ခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း၊ စခန်းမှူး ဒုရဲမှူး အောင်နိုင်မိုးက ပြောဆိုထားသည်။

ရဲမေကို ရေပက်ခဲ့ခြင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များအား ၂၀၁၈ ခုနှစ်အတွင်း ထူးခြားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြ လိုက်ပါသည်။

 



 

လချီကြာသည့် တနင်္သာရီရေဘေး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ဇူလိုင်လ အလယ်ခန့်မှ စတင်ရေကြီးခဲ့ပြီး ဒေသခံများမှာ နှစ်လနီးပါး ရေဘေးသင့်ခဲ့သည်။ ရေကြီးနေစဉ်ကာလအတွင်း တနင်္သာရီ မြစ်ရေသည် အန်္တရာယ် ရေအမှတ်ဖြစ်သည့် ၂၄ ပေကို အကြိမ်ကြိမ် ကျော်လွန်ခဲ့ကာ အမြင့်ဆုံးရေအမှတ် အဖြစ် ၂၇ ပေ ၃ လက်မ အထိ ရောက်ရှိခဲ့သည်။

ရေစကြီးချိန်မှ နှစ်လနီးပါးအကြာ စက်တင်ဘာ လ ဒုတိယအပတ်တွင်မှ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။

နေအိမ်များရေလွှမ်းခဲ့သည့်အတွက် ဒေသခံ အချို့မှာ ရေဘေးကယ်ဆယ်ရေး စခန်းများနှင့် ရေဘေးလွတ်ရာ ဆွေမျိုးနီးစပ်အိမ်များသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

လူဦးရေ နှစ်သောင်းကျော် ရေဘေး သင့်ခဲ့ပြီး  လယ်ဧကပေါင်း ၂၀၇၃ ဧက နစ်မြုပ်ပျက်စီးခဲ့သည်။

ရေကြီးချိန်တွင် ကားလမ်းရေကျော်မှုများ ကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများလည်း ရပ်နားခဲ့ရ သည်။

ယင်းကြောင့် တနင်္သာရီမြစ်ရေကြီးမှုအား ထူးခြားသည့် ဖြစ်စဉ် တစ်ခုအဖြစ် ဖော်ပြလိုက်ပါ သည်။