ရှင်တောက်ထိန်ဘုရားတွင် သုံးဘီး အကန့်အသတ်ဖြင့် ပြေးဆွဲခွင့်ပြု

0
542

ရှင်ကိုးရှင်စာရင်းဝင် ဘုရားတစ်ဆူ ဖြစ်သည့်  လောင်းလုံးမြို့နယ် ကမြောကင်း ကျေးရွာရှိ ရှင်တောက်ထိန်ဘုရားတွင် ဘုရားဖူးဧည့်သည်တင် သုံးဘီးဆိုင်ကယ် များကို အကန့်အသတ်ဖြင့်သာ ပြေးဆွဲခွင့် ပြုထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရှင်တောက်ထိန်ဘုရားအ၀င်လမ်း မှာ ဘုရားဖူးမှန်လုံကားများ ၀င်ရောက်ရန် ကျဉ်းမြောင်းသည့်အတွက် ထားဝယ်-မောင်းမကန် ကားလမ်းမမှ ကိုက်သုံးရာ ကျော် အကွာအဝေးရှိသည့် ဘုရားဝင်း အထိ ခရီးသည်တစ်ဦးလျှင် အသွားအပြန် ၅၀၀ ကျပ်နှုန်းဖြင့် သုံးဘီးဆိုင်ကယ်များ ပြေးဆွဲနေခြင်း ဖြစ်သည်။

“အရင်နှစ်တွေတုန်းကတော့ သူဦး၊ ငါအရင် ပြေးဆွဲနေတော့ လမ်းပိတ်တာ တွေ ဖြစ်တယ်လေ။ ဒီနှစ်ကစပြီး သုံးဘီး တွေကို သူ့နံပါတ်အစဉ်တိုင်း အစဉ်လိုက်ဝင်ရမယ်”ဟု ရှင်တောက်ထိန် ဘုရားဂါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ဆိုသည်။

သုံးဘီးဆိုင်ကယ်များ ပြေးဆွဲခွင့်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တတိယအပတ် တွင် စတင်ကန့်သတ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် သုံးဘီးဆိုင်ကယ် ၁၆ စီးကို သာ ပြေးဆွဲခွင့်ပြုထားကြောင်း ဦးစိုးဝင်းက ပြောသည်။

ရှင်တောက်ထိန် ဘုရား အ၀င်လမ်း သွယ်သည် အကျယ် ၁၅ ပေနှင့် ပေ ၂၀ အကြားတွင်သာရှိပြီး လမ်းကျဉ်းနေသဖြင့် ယာဉ်ကြော ကြပ်တည်းမှု မရှိစေရန် ယင်းကဲ့သို့ အကန့်အသတ်ဖြင့်သာ ပြေးဆွဲခွင့်  ပြုထားခြင်းဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

ယင်းကဲ့သို့ သုံးဘီးပြေးဆွဲခွင့်ကို ကမြောကင်း၊ သောကြာပြင်၊ အင်းကြီး စသည့် ရှင်တောက်ထိန်ဘုရား ၀န်းကျင် ကျေးရွာများက ဒေသခံများကို ဦးစားပေး ပြေးဆွဲခွင့် ပြုရမည်ဟု သတ်မှတ်ထား ကြောင်း ယင်းဘုရားဝင်းအတွင်း ဂိတ်ထိုး ကာပြေးဆွဲ နေသည့် သုံးဘီးဆိုင်ကယ်မောင်း သူ ဦးထွန်းအေးက ပြောသည်။

“မြို့ထဲကနေပြီး ခရီးသည်တင်လာ တဲ့ သုံးဘီးတွေဆိုရင်တော့ (ဘုရားအထိ) ၀င်ခွင့်ပြုထားတယ်”ဟု ဦးစိုးဝင်းက ပြောသည်။

ယင်းအစီအစဉ်ကို ရှင်တောက်ထိန် ဘုရားဂေါပကအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် သုံးဘီးဆိုင်ကယ်မောင်းသူများ စုပေါင်းတိုင်ပင်ပြီး လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလရုံးပိတ်ရက် အတွင်း ရှင်တောက်ထိန် ဘုရားသို့ ဘုရား ဖူးခရီးသည် တစ်နေ့လျှင်ပျမ်းမျှ တစ်ထောင် ခန့် လာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။

                    ကျော်သူစိုး