အုတ်ဖိုလုပ်သား လုပ်အားခ ဈေးတက်

0
446

နေ့စားအုတ်ဖို အလုပ်သမား ငှားရမ်းခ မှာ ယမန်နှစ်ကထက် ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း ထားဝယ်ခရိုင်အတွင်းရှိ အုတ်ဖိုလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ယခုနှစ်တွင် သာမန် အမျိုးသမီး အလုပ်သမားတစ်ဦးလျှင် ကျပ် ၄၇၀၀၊ အမျိုးသားတစ်ဦးလျှင် ကျပ် ၅၅၀၀ နှင့် ကျွမ်းကျင် အလုပ်သမား တစ်ဦးလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ အကြား ငှားရမ်းထား ရကြောင်း ယင်းလုပ်ငန်းရှင်အချို့က ပြော သည်။

ယမန်နှစ်ကမူ သာမန် အမျိုးသမီး အလုပ်သမား တစ်ဦးလျှင် ကျပ် ၄၃၀၀ ၀န်းကျင်၊ အမျိုးသားတစ်ဦးလျှင် ကျပ် ၅၀၀၀ ၀န်းကျင်နှင့် ကျွမ်းကျင် အလုပ် သမားတစ်ဦးလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ အကြားသာ ပေးရကြောင်း ယင်းလုပ်ငန်း ရှင်များက ဆိုသည်။

“ကုန်ဈေးနှုန်းတွေက ကြီးလာတော့ အလုပ်သမားတွေမှာလည်း စားဖို့၊ သောက် ဖို့မလောက်တော့ အလုပ်သမားခတွေ လည်း ကြီးလာတာပေါ့”ဟု ထားဝယ်မြို့နယ်  ဇလွန်းကျေးရွာရှိ နှစ်သုံးဆယ်ကျော်ခန့် အုတ်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်။

အုတ်ဖုတ်စက်တစ်လုံးရှိသည့်   လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး အလုပ်သမား လေးဆယ်နီးပါခန့် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ယမန်နှစ်က အုတ်ဖုတ် ထင်းတစ်ကျင်းဝက်ဝင် ကားတစ်စီးလျှင် ကျပ် တစ်သိန်းနှစ်သောင်းသာရှိသော် လည်း ယခုနှစ်တွင်မှု ကျပ် တစ်သိန်းခွဲ ခန့် ဈေးမြင့်တက်နေကြောင်း ထားဝယ် ခရိုင်ရှိ အုတ်လုပ်ငန်းရှင်အချို့က ပြော သည်။

ယင်းကဲ့သို့ အလုပ်သမားငှားရမ်းခ နှင့် အုတ်ဖုတ်ထင်းများ ဈေးမြင့်တက်နေ သော်လည်း အုတ်ဈေးနှုန်းမှာ ယမန်နှစ် ဈေးနှုန်းအတိုင်း တစ်လုံးလျှင် ၅၅ ကျပ်မှ   ၆၀ ကျပ်အကြားသာ ပေါက်ဈေးရှိကြောင်း ၎င်းင်းတို့က ပြောသည်။

“အမြတ်အစွန်းဆိုလည်း အရင်လို မရတော့ဘူး။ အလုပ်သမားစရိတ်က ဒုက်္ခပေးနေတာကို။ ဒါပေမဲ့ အရင်းအနှီးက များတော့ မလုပ်ဘဲထားရင်လည်း ကိုယ်မှာ ဆုံးရှုံးမှာကြောက်လို့ ဆက်လုပ်နေရတာ” ဟု လောင်းလုံးမြို့နယ်မှ ဆယ်နှစ်ကျော် အုတ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ အမျိုးသား တစ်ဦးက ဆိုသည်။

အုတ်ဖုတ်လုပ်ငန်းများကို နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအထိ လုပ်ကိုင်လေ့ ရှိကြောင်း ထားဝယ်ခရိုင်ရှိ အုတ်လုပ်ငန်း ပိုင်ရှင်များထံမှ သိရသည်။

                 ကျော်သူစိုး