တနင်္သာရီမြို့  ရေဘေးလွတ်ရေး ကွင်းဆင်းတိုင်းတာရေးအဖွဲ့ မဖွဲ့သေး

0
534

တနင်္သာရီမြို့နှင့်ရေဘေးသင့်ကျေးရွာ များ အနာဂတ်တွင် ရေဘေးမှ လွတ်မြောက်နိုင်ရေး အစီအစဉ်များ ရေးဆွဲနိုင် ရန်အတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို မဖွဲ့ဖြစ်သေးကြောင်း တိုင်းဒေသကြီး လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းမည်ဟု  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသော တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင်လည်း ပြောဆိုခဲ့ဖူးပြီး သုံးလ ကျော်အကြာအထိ မဖွဲ့ဖြစ်သေးပေ။

“လောလောဆယ် မဖွဲ့ဖြစ်သေးဘူး၊ မကြာမီ ဖွဲ့ဖို့တော့ ရှိတယ်”ဟု ၀န်ကြီး ဦးဟိုပင်က ပြောသည်။

တနင်္သာရီမြို့နယ်တွင် ယခုနှစ် မိုးရာသီအတွင်း ၂ လခန့်ဆက်တိုက် ရေကြီးရေလျှံခဲ့ပြီး အန္တရာယ်ရေမှတ် ၂၄ ပေ သတ်မှတ်ထားသော တနင်္သာရီမြို့သည် ယခုနှစ်တွင် မြစ်ရေ ၂၇ ပေကျော်ထိ မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့သည်။

အိမ်ခြေ  တစ်ထောင်ကျော်(၁၁၇၀)ရှိ သော တနင်္သာရီမြို့၌ ယခုနှစ်တွင် အိမ်ခြေ ခြောက်ရာကျော်(၆၂၃)ရက်တို၊ ရက်ရှည် ရေဘေးသင့်နေခဲ့သည်။

တနင်္သာရီမြို့သည် စတည်ကတည်း က ရေလွှမ်းနိုင်သည့် နေရာတွင်တည်ထား သကဲ့သို့ဖြစ်နေပြီး ၁၉၉၄ ခုနှစ်တွင် ထူးကဲ မြစ်ရေအဖြစ် ၃၆ ပေ ၃ လက်မအထိ ကြီးဖူးကာ၊ ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၃ တွင် တစ်ကြိမ် မြစ်ရေကြီးဖူးကြောင်းနှင့် ယင်းခုနှစ်များမတိုင်မီကလည်း မြို့ရေနစ်သည့်အခါများရှိခဲ့ဖူးသည်ဟု သိမီသူများက ပြောဆိုကြသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် ရေပညာရှင်တို့က လက်ရှိ ကမာ်္ဘ့ရာသီဥတု အခြေအနေအရသော်လည်းကောင်း၊ တနင်္သာရီမြို့၏ လက်ရှိအခင်းအကျင်းအရ သော်လည်းကောင်း၊ မြို့ရေနစ်မှုက တစ်နှစ် ထက်တစ်နှစ်သာ ပိုလာဖွယ်ရှိကြောင်း ပြောဆိုထားသည်။

တနင်္သာရီမြို့အနာဂတ်အတွက် အဖွဲ့ ဖွဲ့စည်းကာ ကွင်းဆင်းတိုင်းတာခြင်းမှာ အစိုးရအနေဖြင့် လုပ်ကိုလုပ်ရမည့် လုပ်ငန်း ဖြစ်ပြီး ဖွဲ့စည်းသည့်အဖွဲ့မှာ အလုပ်ဖြစ်သော အဖွဲ့ဖြစ်ရန်လိုကြောင်း တနင်္သာရီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောဆိုခဲ့ဖူးသည်။

Dawei Watch