ကမ်းနီးရေလုပ်သားများ ထောင်ဘေးလွတ်ရေး အဖြေ ဘာလဲ

0
1288

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ ကမ်းနီးရေလုပ်သား ၅၃ ဦး ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်တွင်း အချုပ်သားအဖြစ် ရောက်နေသည်။

၎င်းင်းတို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လ ၁၉ ရက်က ရခိုင်ပြည်နယ် ငပလီမြို့တွင် ဖမ်းဆီးခံရသော လောင်းလုံးမြို့နယ် အတွင်းရှိ မောင်းမကန်၊ ပန်းတင်အင်း၊ ကျောက်ဆင်ကျေးရွာသားတို့၏ လှေ ၆ စီးပါ ပဲ့နင်း၊ လှေပိုင်ရှင်နှင့် ရေလုပ်သားများ ဖြစ်သည်။

သူတို့အား လိုင်စင်မရှိဘဲ ငါးဖမ်း သဖြင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၄ နှင့် ပုဒ်မ ၄၈ တို့ဖြင့် တရားစွဲ ထားသည်။

ပုဒ်မ ၄၄ အရ  ပြစ်မှုထင်ရှား စီရင် ခြင်းခံရပါက ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၃ သိန်းအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

ပုဒ်မ ၄၈ အရ  ပြစ်မှုထင်ရှား စီရင် ခြင်းခံရပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၄ သည် တနင်္သာရီတိုင်းတွင်း ကမ်းနီးရေလုပ်သားများအား အချိန်မရွေး ထောင်ထဲပို့ နိုင်သော ပုဒ်မဖြစ်နေကြောင်း ရေလုပ်သားများ၊ ရေလုပ်သားအရေး လှုပ်ရှား သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ဖွင့်ဟ ပြောဆိုခဲ့သည်မှာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်သည်။

ပုဒ်မ ၄၄ ဖြင့် တရားစွဲခံထားရကာ မြိတ်ထောင်အချုပ်ထဲ ရောက်နေသူ ၂၀၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ ၄ လ အတွင်း ရေလုပ်သား ၁၀၆ ဦးထိ ရှိနေ သည်။

လိုင်စင်မရှိဘဲ ကမ်းနီးငါးလုပ်ငန်း လုပ်ကိုင်ခြင်းကို ကျူးလွန်ပါက ပုဒ်မ ၄၄ အရ တရားစွဲခံရမည်ကို ရေလုပ်သား တို့ သိရှိကြသည်။

သို့ကြောင့် တစ်နိုင်တစ်ပိုင် ကမ်းနီး ငါးဖမ်းလှေပိုင်ရှင်တို့က တရားဝင် ငါးလုပ်ငန်း လိုင်စင် လျှောက်ထားကြသည်။

သို့သော် ကမ်းနီးလိုင်စင်သည် လှေ အလျား ပေ ၃၀၊ လှေစက် မြင်းကောင် ရေအား ၂၅ ကောင်အောက် ရှိရမည်ဟု သတ်မှတ်ထားရာ လက်ရှိခေတ် ကမ်းနီး ငါးဖမ်းလှေ အများစုမှာ ယင်းသတ်မှတ်ချက် ထက် ကျော်လွန်နေကြသည်။

ယင်းသို့ ကျော်လွန်ခြင်းမှာ ပင်လယ် ပြင်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကမ်းနီး တွင် ငါးဖမ်းဆီးရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်း လုပ်ငန်းခွင် အလှမ်းဝေးလာခြင်း စသည့် အခက်အခဲများကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက် ပိုမိုကြီးမား အောင် တည်ဆောက် တပ်ဆင်လာရခြင်း တို့ကြောင့် ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောကြသည်။

ထားဝယ်ခရိုင်အတွင်း ကမ်းနီး ငါး ဖမ်းလှေ ၁၈၀၀ ကျော်ရှိပြီး ၁၀၀၀ ကျော် မှာ အထက်ပါ ငါးဖမ်းလိုင်စင် မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ် ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးဇော်သူရထံမှ သိရသည်။

ယခင်က ကမ်းနီးငါးဖမ်း လိုင်စင် များကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးလေ့ရှိသော်လည်း ယခုအခါ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ကမ်းနီးငါးဖမ်းလှေတစ်စီး၏ သတ်မှတ်စံ နှုန်းထက် ကြီးမားနေသောကြောင့် မြို့နယ် အဆင့်မှ လိုင်စင်ထုတ်ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခံနေရကြောင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ ရေလုပ်သား များက ပြောကြသည်။

ရေလုပ်သားတို့က နိုင်ငံတော် အခွန် ထမ်းကာ တည်ဆဲဥပဒေဘောင် အတွင်းမှ တရားဝင် လုပ်ကိုင်လိုကြသည်။

ငါးဖမ်းလိုင်စင်မရှိဘဲ ငါးထွက် ဖမ်းသည့်လှေများမှာ ပင်လယ်ပြင်တွင် တာဝန်ရှိသူတို့၏ စစ်ဆေးမှု ရင်ဆိုင်ခံယူ ရမည်ကို ကြောက်ရွံ့နေကြရခြင်း၊ ကမ်းဝေး ငါးဖမ်းလှေများနှင့်တကွ အခြား လိုင်စင်ရှိ ငါးဖမ်းလှေများနှင့် ငါးဖမ်းရင်း ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ပါက အထောက် အထား မပြည့်စုံသဖြင့် မိမိတို့ဘက်မှ မှန်နေသည့်တိုင် အရှုံးနှင့်သာ အလျှော့ ပေးရင်ဆိုင်နေရပြီး ဥပဒေအတိုင်း ရင်ဆိုင် ဖြေရှင်းရန် အခက်ကြုံ နေရကြောင်း ပြောကြ သည်။

ယင်းကြောင့် လုပ်ပိုင်ခွင့်ရှိသူ သမ်္မတ နှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးနှင့် ဌာနဆိုင်ရာများထံ လိုင်စင် ထုတ်ပေးပါရန် လှေပိုင်ရှင်များက လက်မှတ် ရေးထိုးကာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်က အသနားခံစာ ပေးပို့ခဲ့ကြသည်။

သို့သော် ယခုထိ အကြောင်းတစ်စုံ တရာ မထူးခဲ့ပေ။

သို့ကြောင့် လက်ငင်းစားဝတ် နေရေး အတွက် မိရိုးဖလာ တနိုင်တပိုင် ရေလုပ်ငန်း ကို အရဲစွန့်လုပ်ကိုင်ကြရင်း ယခုကဲ့သို့ အရေးယူ ခံကြရခြင်း ဖြစ်သည်။

လောင်းလုံးမဲဆန်္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီဥက်္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က ရေလုပ်သားများ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်သူ့ လွှတ်တော်ဥက်္ကဋ္ဌ ဦးဝင်းမြင့်(ယခု နိုင်ငံ တော်သမ်္မတ)ထံ လူကိုယ်တိုင် သော်လည်း ကောင်း၊ စာဖြင့်သော်လည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးကြောင်း ပြော သည်။

ယခု လောင်းလုံးမြို့နယ်သား ကမ်းနီး ရေလုပ်သားများ အချုပ်ခံ၊ တရားစွဲ ခံနေရသည့်ကိစ်္စအတွက်လည်း လောင်းလုံး မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တို့နှင့် ပူးပေါင်း လက်မှတ်ရေးထိုး ကာ ပြည်ထောင်စု ၀န်ကြီးထံ အတတ်နိုင် ဆုံး ဖြေလျှော့ပေးရန် တင်ပြထားကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

“၀န်ကြီးဌာနဘက်က ဒီ(တနင်္သာရီ တိုင်း)ဘက်က သဘောထားတွေ ပြန် မေးနေတယ် ကြားပါတယ်၊ ဖြေလျှော့ ပေးသင့်တာတွေ ဖြေလျှော့ပေးစေချင်ပါ တယ်”ဟု ဦးဗိုလ်ထွေးက ပြောသည်။

ကမ်းနီးငါးဖမ်းလုပ်ငန်းကိစ်္စအား တိုင်းလွှတ်တော်အဆင့်တွင် လုပ်နိုင်သမျှ၊ ဆွေးနွေးနိုင်သမျှ အကြိမ်ကြိမ် လုပ်ခဲ့၊ ဆွေးနွေးခဲ့ပြီးဖြစ်ကာ တိုင်းလွှတ်တော် အနေဖြင့် လုပ်နိုင်သည့် အခန်းကဏ္ဍကုန်သွားပြီဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အရ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြည်ထောင်စုကသာ ပြု၊ ပြင်၊ ဖျက် လုပ်နိုင်သည်။

ယခုတည်ဆဲ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေမှာ ခေတ်နှင့် မလျှော်ညီ တော့သည့် အိုဟောင်းနေသော ဥပဒေ ဖြစ်သည့်အတွက် ခေတ်ကာလနှင့် ကိုက် ညီသည့် ဥပဒေတစ်ရပ် ဖြစ်လာရေး ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးစားနေကြောင်း ကျွန်းစုမြို့နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဥက်္ကာမင်း က ပြောသည်။

ဥပဒေက ခေတ်နောက်ကျကျန်ခဲ့တယ်။ ဥပဒေ ပြင်ဆင်မှသာလျှင် ဖြေရှင်းနည်း အစစ်အမှန် ဖြစ်လိမ့်မယ်

ဟု ဦးဥက္ကာမင်းက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အား ၀န်ကြီးဌာနမှ ရေးဆွဲနေပြီး သက်ဆိုင် ရာဌာနများက ဖြည့်စွက်ဆွေးနွေးမှု ပြုနေဆဲ ဖြစ်ကာ လွှတ်တော်သို့ တင်သွင်းသည့် အဆင့်သို့ ရောက်မလာသေးဘဲ ကြန့်ကြာ နေကြောင်း ၎င်းင်းက ပြောသည်။

ဥပဒေကို အမြန် ပြင်ဆင်သင့်ပြီကို ငါးလုပ်ငန်းနှင့် နှီးနွယ်သူတို့ကလည်း သဘောတူကြသည်။

“ဥပဒေ မပြင်သ၍တော့ ဒီပြဿနာ တက်နေမှာပဲ”ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော် သက်က ပြောသည်။

လက်ရှိတွင်မူ ရခိုင်ပြည်နယ် ထောင် အချုပ်ရောက် တနင်္သာရီတိုင်းသားများ အတွက် ထားဝယ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် တို့က ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ် ငန်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ထံ အသနားခံနေကြသည်။

ဥပဒေအရ အရေးယူမယ်ဆို ရင်လည်း သက်သက်ညှာညှာ ဖြစ်ဖို့ရယ်၊ လှေတွေမဆုံး(ပြည်သူပိုင် မသိမ်း)ဖို့ရယ်ပေါ့၊ တရားရင်ဆိုင်ရင်း (အချိန်ကြာပြီး) လှေတွေဆုံးသွားမှာ အရမ်းကြောက်နေတယ်

ဟု ဦးကျော်ကျော်သက်က ပြောသည်။

ယခု ဖမ်းထားသည့် လှေတစ်စီး၏ လှေ၊စက်၊ ငါးဖမ်းပိုက်တို့ တန်ဖိုးမှာ သိန်း ၅၀၀ ခန့်မှ သိန်း ၁၀၀၀ ၀န်းကျင် အထိရှိကြောင်း ရေလုပ်သားတို့က ပြောကြ သည်။

ငါးဖမ်းလိုင်စင်မရှိ၍ ထောင်ထဲ ရောက်ရသည့်အဖြစ်မှ လောလောဆယ် ကင်းဝေးစေရန် သတ်မှတ်ချက်ထက် ကျော်လွန်နေသည့် ကမ်းနီးငါးဖမ်းလှေ များကို ပြန်လည်စိစစ်က လိုင်စင်ထုတ် ပေးနိုင်ရန် တစ်နည်းနည်းဖြင့် စီစဉ်သင့် သည်ဟု တောင်းဆိုမှုများလည်း ရှိနေ သည်။

“သတ်မှတ်တာထက်ကျော်လွန် နေတဲ့လှေတွေ၊ စက်တွေကို ပြန်စိစစ်ပြီး လိုင်စင်ထုတ်ပေးစေချင်တယ်။ မဟုတ်ရင် နောက်ထပ်ထောင်ထဲ ရောက်ကြဦးမှာပဲ”ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၂၂ နှင့် ၂၃ အရ အရ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် လိုင်စင်ပါ စည်းကမ်းချက်များကို သတ် မှတ်ပေးရမည်ဖြစ်ပြီး ငါးလုပ်ငန်းနှင့် ပတ်သက်သော စည်းကမ်းချက်များ၊ ကန့် သတ်ချက်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သော အခွင့်အာဏာရှိသည်။

လက်ရှိ ယခုနှစ်တွင်မူ တနင်္သာရီတိုင်းအတွင်းမှ ရေလုပ်သား ၁၅၀ ကျော်က ဥပဒေနှင့် ခေတ်ကာလ အကျပ်အတည်း အောက်တွင် ထောင်အချုပ်ထဲ အမှုရင်ဆိုင် နေကြရသည်။

လှေတစ်စီအဖမ်းခံရပါက လှေပိုင်ရှင် သာမက ရေလုပ်သားတစ်ဦးချင်းစီ နောက်တွင် မှီခိုနေသည့် မိသားစုဝင်များ၊ အခြား ဆက်စပ်လုပ်ငန်းစုများစွာ ပါဝင် နေပြီး ယင်းဆက်စပ်လုပ်ငန်းများကို အမျိုးသမီး အလုပ်သမား များစွာကလည်း မှီခိုလျက်ရှိရာ ဒေသအတွက် များစွာ နစ်နာရကြောင်း ရခိုင်တွင် အဖမ်းခံရသည့် လှေများအနက် လှေပိုင်ရှင်တစ်ဦးဖြစ်သည့် မောင်းမကန် ရွာသား ဦးဇော်နီက ပြောသည်။

၎င်းင်းနစ်နာမှုများ အမြန်ပြေလည်  စေရန် အခြေအနေအရပ်ရပ်ကို သိထားပြီး ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ကူညီဖြေရှင်းပေးစေလိုကြောင်း ဦးဇော်နီက ပြောသည်။

“လိုင်စင်ဆိုတာ ကျွန်တော်တို့က မလုပ်ဘဲနေသူတွေ မဟုတ်ဘူး၊ သူတို့ မလုပ်ပေးတော့တာကို။ ကျွန်တော်တို့တွေ ဖြစ်နေတာ တိုင်းအစိုးရ သိပြီးသားပါ၊ အခွန်လည်း နှစ်တိုင်းသွင်းနေတာပဲ သူတို့ သိသားလေ၊ ကိုယ့်လှေကိုယ် ပြန်ရပြီး အေးအေးချမ်းချမ်း လုပ်စား ချင်ပါတယ်”ဟု ဦးဇော်နီက ပြောသည်။

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်        ဦးဗိုလ်ထွေးကလည်း လက်ရှိ ပြဿနာအား      ပြေလည်ဖြေလျှော့စေရေး ရခိုင်ပြည်နယ်         အစိုးရနှင့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရတို့ အစိုးရချင်းချင်းချိတ် ဆက်ဆောင်ရွက်သင့်ကြောင်း ပြောသည်။

“အစိုးရ အစိုးရအချင်းချင်း ချိတ်ဆက် လုပ်ဆောင်စေချင်တယ်၊ ဒီဒေသမှာ ဒါကတော့ မိရိုးဖလာလုပ်ငန်းပါပဲဆိုတဲ့ ပုံစံမျိုးပေါ့၊ ဥပဒေကြောင့်ဆိုပြီး မလုပ်ဘဲ နေလို့တော့ မရဘူးပေါ့”ဟု ဦးဗိုလ်ထွေးက ပြောသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကမူ ပင်လယ်ငါးဖမ်း လုပ်ငန်း မှာ တိုင်းအစိုးရ၏ လုပ်ပိုင်ခွင့် မဟုတ် သဖြင့် ဖြေရှင်း၍မရဟု ပြောသည်။

ရေချိုမှ တိုင်းအစိုးရက ဖြေရှင်းလို့ရတယ်၊ေ ရငံဆိုရင် တိုင်းအစိုးရက ဖြေရှင်းလို့ မရဘူး။ ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်လည်း ပြောလို့ မရဘူး၊ သူလည်း ရေချိုပဲ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတော့ ရေငံ ကို လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စု ငါးလုပ် ငန်းဦးစီးဌာန ညွှန်/ချုပ်ဆိုပြီးတော့ အသနားခံစာတင်မှရမှာ

ဟု ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

ကမ်းနီးရေလုပ်သားတို့၏ လိုင်စင်မဲ့ ငါးဖမ်းဆီးနေရ၍ ဖမ်းဆီးခံရမှုကိစ္စမှာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပြီး ပြီးသွား မည့်ကိစ္စ မဟုတ်ဘဲ နောက်ထပ်အစဉ် ဆက်လက် ဖြစ်ပေါ်နေနိုင်သည့် ကိစ္စဖြစ်သည့် အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့က အလေးအနက်ထား ဖြေရှင်းသင့်ကြောင်း တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ထောက်ပြသည်။

“ပြည်ထောင်စုအစိုးရရော တိုင်းဒေသ ကြီး အစိုးရပါ ဒီကိစ်္စကို လေးလေးနက်နက် ကိုင်တွယ်စေချင်တယ်၊ ပြည်ထောင်စု ကတော့ ကမ်းနီးကိစ်္စက တစ်ပြည်လုံးမလွှမ်း ခြုံတော့ ခပ်ပေါ့ပေါ့ ထင်ကောင်းထင်မယ်၊ တိုင်းအစိုးရကတော့ အလေးအနက်ထား ထည့်သွင်းစဉ်းစားဖို့ လိုမယ်”ဟု ဦးဗိုလ်ထွေးက ဆိုသည်။

 

Dawei Watch