ပဲဒက်ကျေးရွာတွင်  မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်

0
787

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ တွင် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို  ဇန်န၀ါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

လက်ဝှေ့ပြိုင်ပွဲကို ပဲဒက်ကျေးရွာ၌ ကျင်းပမည့် ၂၃ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြိုင်ပွဲတွင် ပဲခူးတိုင်းရှိ ဥသာမင်း ကလပ်မှ ၄ ဦး အပြင် မြိတ်၊ ပုလော၊ ထားဝယ်၊ သရက်ချောင်းနှင့် ရေးမြို့မှ လက်ဝှေ့သမား များပါ လာရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း လက်ဝှေ့စိန်ခေါ်ပွဲ စီစဉ်သူ ဦးချစ်ရင်ထူးက ပြောသည်။

“ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အနေနဲ့ လုပ်တယ်၊ ညဘက်ဆို ပွဲကြည့်မယ်၊ နေ့ဘက်ဆို လက်ဝှေ့ပွဲကြည့်မယ်၊ အဲလို ပျော်ပျော်ပါးပါးပေါ့၊ ကိုယ်တိုင်ကလည်း ၀ါသနာပါနေတဲ့သူဆိုတော့ မျိုးဆက်သစ်လေးတွေ ပေါ်လာအောင် ပြန်ပြန်ဖော်နေတာပေါ့”ဟု ဦးချစ်ရင်ထူးက ဆိုသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပွဲစီစဉ်သူ ဦးချစ်ရင်ထူး၏ ဖုန်း- ၀၉ ၇၈၁၈၁၈၀၂၀ သို့ ဆက်သွယ်ကာ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

 

မိုးမြင့်