ထောင့်ကွယ်မြို့အကြောင်း တစေ့တစောင်း

0
1223

ထားဝယ်ဒေသအတွင်း ရှေးမြို့ဟောင်း များစွာအနက်မှ ထောင့်ကွယ်မြို့ဟောင်း အကြောင်း၏ ရာဇ၀င်သမိုင်းကို သမိုင်း သုတေသနပုံစံ မဟုတ်ဘဲ သုတ အလို့ငှာ တင်ပြပါမည်။

ရာဇ၀င်လာအရ ကောဇာသက်္ကရာဇ် ၅၃၅မှ- ၅၇၂ အထိ စိုးစံခဲ့သော ပုဂံပြည့်ရှင် ဘုရင် နရပတိစည်သူမင်းကြီးသည် တနင်္သာရီမြို့စား စောပဲဖြူ ပုန်ကန်သည်ကို သွားရောက် နှိမ်နှင်းပြီး အပြန်ခရီးတွင် ထားဝယ်ကျွန်းဆွယ်အငူ အနောက်ဘက် ပင်လယ်ကမ်းခြေတစ်နေရာတွင် ထောင့်ကွယ် မြို့ကိုတည်ပြီး ခေတ်္တစိုးစံသွားခဲ့သည်ဟု ဆိုပါသည်။

ယင်းထောင့်ကွယ်မြို့ကို အကြောင်းပြု၍ ထောင့်ခ၀ယ်၊ ထောင့်ဝယ်၊ ထ၀ယ်၊ ထားဝယ်ဟု အဆင့်ဆင့် ပြောင်းလဲလာသည် ဟုလည်း ပါးစပ်ရာဇ၀င်စကားအရ ဆိုကြ သူများ ရှိသည်။ သို့ရာတွင် ယင်းမြို့နှင့် ခေတ်ပြိုင် မြန်မာ ရှေးဟောင်း ကျောက်စာများ နှင့် တိုက်ဆိုင် စိစစ်ကြည့်ရာ ထိုကျောက်စာ အထောက်အထားများအရ ယင်းအဆိုမှာ လုံးဝလွဲမှားနေသော စိတ်ထင်ရာ ချဲ့ကား ပြောသော စကားရပ်သာ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေသဖြင့် ယင်းအဆိုကို သမိုင်းသုတေသန နယ်ပယ်အတွက် အသုံး ပြု၍ မရသောကြောင့် အပြီးသတ်ပယ်ချ လိုက်သည်။

ဆရာကြီး ထားဝယ်ကျော်မင်း ရေးသား ခဲ့သည့် ထားဝယ် အမြုတေစာအုပ် စာမျက်နှာ ၁၀တွင် မြို့ဟောင်း အမှတ်စဉ် (၁၂) ကောဇာသက်္ကရာဇ် ၅၆၆ ခုနှစ်၌ ပုဂံပြည့်ရှင် အလောင်းစည်သူ၏မြေး နရပတိစည်သူမင်းသည် ထားဝယ်ကျွန်းဆွယ် အငူနှင့် ခရီးအသင့်အတင့်ကွာ အနောက် ဘက် ပင်လယ်ကမ်းတစ်နေရာတွင် ထောင့်ကွယ်မြို့ဟောင်း တည်ထားခဲ့ သည်။ ဤနေရာတွင် ယခုအခါ မြို့ရွာမရှိ။ မြို့ဟောင်းရာသာ ရှိသည်လို့ ဖော်ပြထားပါ သည်။

ကောဇာသက်္ကရာဇ် ၅၆၆ ခုသည် ခရစ်နှစ် ၁၁၀၄ ခု ဖြစ်၍ နှစ်ပေါင်း ၉၀၀ ကျော် ကာလက ဖြစ်ပါသည်။

တနင်္သာရီတိုင်းတွင်း ရာဇ၀င်လာတို့ မှ ကောက်နုတ် တင်ပြရလျှင် ထောင့်ကွယ်မြို့ ဟောင်းဟူသောအမည်ဖြင့် ၃ နေရာ ရှိ သည်ဟု သိရပြီး၊ ယခု (၁) ကြက်လွှတ် ကျေးရွာ၊ (၂) မြင်းခွာအော်၊ (၃) ၀ဲမကိုက် (ဆင်ထောက်) ကျေးရွာများ ဖြစ်သည်။

ကြက်လွှတ်ကျေးရွာတွင် သမိုင်းဆိုင် ရာ မည်သည့် အထောက်အထားမှ မတွေ့ရ သေးသော်လည်း (တစ်ခါမှ မတူးဖော်ဖူး) အနောက်ဘက် ပင်လယ်ကမ်း ဖြစ်သည့် မြင်းခွာအော်နေရာတွင် ရှေးဟောင်း အိုးကွဲများ ရဖူးသည်ဟု ဆိုသလို ၀ဲမကိုက် သို့ သွားသင့်ကြောင်း ရွာခံများက ညွှန်ပြ ကြသည်။

အောက်ကျောက်ဝပ်မှတစ်ဆင့် ညောပြင်အော်သို့ လှေဖြင့် ၄၅ မိနစ်ခန့် ခရီးအကွာတွင် ဒေသခံများက ဒရောကမ်း ဟု ခေါ်သော အလွန်လှသည့်ကမ်းခြေကို ရောက်သည်။ ကမ်းခြေသဲမြေကို ၅ မိနစ်ခန့် လမ်းလျှောက်လာခဲ့ကြပြီးသော်  မြို့ဟောင်းထဲသို့ ရောက်ပါသည်။ နန်းဦး တောင်၊ ကျောင်းတောင်၊ ပိဋကတ်တောင်၊ ဆင်ဖြူရုံတွေရှိပြီး ထိုနေရာများကို ဆားကျောက်ဟုခေါ်သည့် ရေကျောက် အ၀ိုင်းလေးများနှင့် လမ်းလုပ်ပြီး ဆက်သွယ် ထားသည်ကို တွေ့ရသည်။

မြို့ဟောင်း၏ အရှေ့ဘက်တွင်ရှိ သော နန်းတောင်သည် ပေ ၃၀၀ ခန့်မျှ မြင့်ပြီး တောင်ထိပ်တွင် စေတီတစ်ဆူနှင့် ကျောက်ရေတွင်း ရှိပါသည်။ စေတီကို လွန်ခဲ့သည့်နှစ် ၂၀လောက်က ပြန်လည်တည် ထားပြီး အမျိုးသမီးရင်သားပုံဟု ဒေသခံ များ ခေါ်ကြသည့် ရှေးစေတီပုံ ရှိသည်။ စေတီအနီးတွင် ရေတွင်းတစ်တွင်းရှိပြီး ယင်းရေတွင်း၏ အနက်မှာ အပ်ချည် လုံးတစ်လုံးကုန်သည်အထိ အောက်ကို မရောက်သေးဟု ဒေသခံများက ဆိုကြပါ သည်။ နန်းတောင်၏ အနောက်ဘက် တည့်တည့်တွင် ကျောင်းတောင်နှင့် ပိဋကတ်တောင် ရှိသည်။ အရှည် ပေ ၂၀၀၀ ကျော် ပျမ်းမျှအကျယ် ၁၀ ပေ၊ အမြင့် ၅ ပေရှိသည့် ကျောက်စီလမ်း ပြုလုပ်ထား သည်။ ကျောင်းတောင်ဟူသည် ဆရာတော် နေထိုင်ရာဖြစ်ပြီး ပိဋကတ်တောင်တွင် ပိဋကတ် ၃ ပုံထား ရှိရာနေရာဟု ဆိုစမှတ် ပြုကြပါသည်။ နန်းတောင်၊ ကျောင်းတောင် နှင့် ပိဋကတ်တောင် အခြေတို့တွင် ယနေ့အထိ အသုံးပြုနေဆဲ ရေချိုတွင်းများ ရှိနေသည်။ နန်းတောင်မှစ၍ ကျောက်စီလမ်းအတိုင်း ပေ ၁၇၀၀ ကျော် ခန့်သွားပြီးလျှင် မြောက် ဘက်သို့ချိုးကွေ့သွားသည့် ကျောက်စီ လမ်း ၁ လမ်း ရှိပါသေးသည်။ ပေ ၅၀၀ လောက်သွားပြီးသော် ပေ ၁၀၀ အချင်း ရှိပြီး မြက်ပင်မှလွဲ၍ မည်သည့် အပင်ကြီးမှ မပေါက်သည့် မြေ၀ိုင်းတစ်နေရာ ရှိသည်။ ထိုနေရာကို ဒေသခံများက ဆင်ဖြူရုံဟု ဆိုသည်။ လွန်ခဲ့သည့် နှစ် ၅၀ ခန့်က သစ်ဆွဲဆင် တစ်ကောင်ကို ၀ဲမကိုက်ရွာထဲ သို့ ခေါ်လာရာ ရွာအ၀င်ချောင်း ဖြတ်ကူး ပြီးနောက် ကျေးရွာနယ်ထဲ အရောက်တွင် ၎င်းင်းသစ်ဆွဲဆင်သည် ပြင်းထန်စွာအော်ပြီးလဲကျ သေဆုံးဖူးကြောင်း ပြောပြပါသည်။

ယင်းဒေသခံများအနေဖြင့် အခုချိန် တိုင် ဆင်ဖြူတော်ရှိနေပြီး ကျေးရွာကို စောင့်ရှောက်နေကြောင်း ဆိုကြသည်။ မြို့ဟောင်းရာနှင့် ကပ်ပြီးပေါက်နေသည့် ဒီရေတောများကို ဖြတ်ပြီး မြောက်ဘက်သို့ ဆက်လျှောက်ခဲ့သော် ပေ ၁၀၀ ကျော်  ဆင်မ၀ဲလိုက် ၀ဲမကိုက် (ဆင်ထောက်) ကျေးရွာလေး ရှိသည်။ အိမ်ခြေ ၃၀ခန့် မူလတန်းကျောင်း တစ်ကျောင်း၊ ဘုန်းတော် ကြီးကျောင်း တစ်ကျောင်း ရှိပါသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ပို့စကတ် ကြီးတစ်ခုထုတ်ပြပြီး တစ်ရွာလုံးတွင် တစ်ခုသာရှိတော့ကြောင်း သိရသည်။ လေ့လာကြည့်သည့်အခါ ၁၉၇၄ ခုနှစ်မှာ ဆရာကြီး ထားဝယ် ကျော်မင်း ထုတ်ဝေခဲ့ သည့် ၀ဲမကိုက် (ဆင်ထောက်ရွာ ဆင်ဦး တောင် ဆုတောင်းပြည့်ဘုရားနှင့် အခြား သမိုင်း မှတ်တမ်းများပါသည်) သမိုင်း ပို့စကတ်ဖြစ်နေသည်။ ဆရာဦးကျော်မင်း သည် ၁၉၇၀ ၀န်းကျင်လောက်ကတည် က ထိုမြို့ဟောင်းကို လေ့လာခဲ့သည်ဟု လည်း သိလာရသည်။

ဆရာကြီး၏သား ဦးဌေးလွင်ကျော်ကို မေးမြန်းပြီး ထားဝယ် ယဉ်ကျေးမှုပြတိုက် တွင် ပြန်ရှာသည့်အခါ ယင်းပို့စကတ်ကို ဗီရိုထဲမှာ တွေ့ရသည်။ ထိုမှတ်တမ်းတွင် ထားဝယ်ကျွန်းဆွယ် လောင်းလုံးမြို့နယ် သကျက်တော ကျေးရွာ အနောက်ယွန်း ယွန်း ပင်လယ်ကမ်း ယခု နန်းတော်ရိုင်ဟု ခေါ်သောနေရာတွင် ထောင့်ကွယ်မြို့ ဟောင်းကို သက်္ကရာဇ် ၅၆၆ ခုမှာ နရပတိ စည်သူမင်း တည်သည်။ ထိုမင်းနေပြည် တော်သို့ပြန်သည့်အခါ ပအိုဝ်းမင်းသမီးမှ ဖွားမြင်သည့် သားတော် သနိသ၀တ်ကို အုပ်စိုးစေသည်။ ထိုနောက် ကနိသာဝရ၊ မင်းဆုတို့ ဆက်လက် အုပ်စိုးသည်။

သက်္ကရာဇ် ၆၃၀ တွင် မင်းဆုသည် ဝေဒီမြို့သစ်ကို တည်ထောင်ပြီး ထောင့်ကွယ် မြို့ဟောင်းကနေ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။ ဆရာကြီးရွှေဝယ်ဧ၏ ထားဝယ် ရာဇ၀င်သမိုင်း စာမျက်နှာ ၁၂၉ ရှိ ဝေဒီမြို့ တည်ခြင်း ခေါင်းစဉ်အောက်တွင် ထောင့်ကွယ်မြို့ (ယခု ကြက်လွှတ်ရွာ)ကို တည်ထောင်ကြသည့် ကနိက၀တ်မင်း၊ ၎င်းင်းသားတော် ကနိဌာသူ၊ ၎င်း သားတော် ကနိဌာသံ၊ ၎င်းင်းသားတော် ကနိဌာဝါ၊ ၎င်းသားတော် စောသူရ၊ ထိုမင်းလက် ထောင့်ကွယ် မြို့မှ ပြောင်း၍ ကောဇာသက်္ကရာဇ် ၇၉၂ ခုနှစ် ဝေဒီမြို့ကို တည်လေသည် ဟုဖော်ပြ ထားသည်ကို တွေ့ရသည်။

ထောင့်ကွယ် မြို့ဟောင်းနှင့် ပတ်သက် ပြီး မှတ်မှတ်ရရ ရှိသည်မှာ ၂၀၀၄ ခုနှစ် လေ့လာရေး ခရီးဖြစ်သည်။

အာဖရိကနှင့် အရှေ့တိုင်းပညာ လေ့လာရေး ကျောင်းမှ ဒေါက်တာ အဲလီဇဘက်မိုး၊ ဦးသန်းဆွေ ( မောင်သန်း ဆွေ-ထားဝယ်) (နောင်အခါ ပြည်ထောင်စု ဒုဝန်ကြီး၊ ယဉ်ကျေးမှု ၀န်ကြီးဌာန) တို့နှင့် သွားသည့် အခေါက်ဖြစ်သည်။ မြို့ဟောင်း ကို လေ့လာနေစဉ်မှာပင် ဆူနာမီဖြစ်ပါ သည်။ ဒေသခံများ လှမ်းထားသည့် ငါးခြောက် များ ရေထဲပါသွားသည်။ ဤသည်ကို ဒေသခံ အချို့မှ ဤဒရောကမ်းခြေကို စောင့်သော နတ်ရှင်မ စိတ်ဆိုး၍ ရေကြီးသည်။ ထိုသို့ စိတ်ဆိုးခြင်းမှာ “အင်္ဂလိပ်မ” လာ၍ ဖြစ် သည်။ ထိုကြောင့် “အင်္ဂလိပ်မ”က လျော်ကြေးပေးရမည်ဟု ဆိုလာသည့် အတွက် အတော်ဖြေရှင်းခဲ့ရပါကြောင်း ဦးဇော်သူရ(စိတ်ပညာ) က သူ၏ ကွင်းဆင်း လေ့လာရေးခရီးသွားဆောင်းပါး   တွင် ထည့်သွင်းဖော်ပြထားသည်ကို ဖတ်ရ သည်။ ဆရာဇော်ဆောင်းပါးကို ဖတ်ခဲ့သည် မှာ ကာလအတော် ကြာနေပြီ ဖြစ်ပါ၍ ဆောင်းပါးအမည်ကိုတော့ မမှတ်မိတော့ပါ။

ထောင့်ကွယ်မြို့ဟောင်းသည် ထားဝယ် မှ ၄၁ မိုင် ဝေးသော အောက်ကျောက် ၀ပ်ရွာကို ကိုယ်ပိုင်ကားဖြင့် သွားမည်ဆို လျှင် ၂ နာရီခွဲမျှသာ သွားရသည်။ လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ အောက်ကျောက်ဝပ်ကျေးရွာမှ လမ်းခွဲ၍ ၀င်သွားရသည်။ ရွာနှစ်ရွာသည် တစ်မိုင်ခွဲ သာ ဝေးပါသည်။ ညောပြင်ကျေးရွာကို ပင်လယ်တွင်းသို့ ကွေ့ဝင်စီးဆင်းနေသော  ချောင်းငယ်က နှစ်ပိုင်း ခြားထားသည်။ သစ်သားတံတားဖြင့် ကူးရသည်။ ညောပြင် ကျေးရွာသည် မြင်းခွာပုံသဏ္ဌာန် ရှိသော ညောပြင်အော်၏ အရှေ့ဘက်ကမ်းတွင် ထောင့်ကွယ်မြို့ဟောင်း ရှိသည်။ ညောပြင် ကျေးရွာရှိရာ ညောပြင်အော်၏ အရှေ့ဘက် စွန်းတွင် ရွာခံများက ဘိုးဘိုးကျောက်ဟု ခေါ်သော တောင်ရှိသည်။ မြေပုံတွင် ၀မော် ဟု ပြပါသည်။ အနောက်ဘက်စွန်းတွင် ကျောင်းတောင် ရှိသည်။ မြေပုံတွင် မော်ကြီး ဟု ပြသည်။ ညောပြင်အော်ကို မိနစ် ၅၀ ခန့်ကြာအောင် စက်လှေဖြင့် ကူးဖြတ်ရ သည်။ ညောပြင်အော်သည် ရေအလွန်နက် ၏။ ထိုကြောင့် တစ်ချိန်က ရေနက်ဆိပ်ကမ်း လုပ်ရန် စီမံကိန်း ချခဲ့ဖူးသည်။ တစ်ဖက်ကမ်း သို့ နီးလာသော အခါ စီးလာသောလှေ၏ ညာဘက်တွင် ကျောက်ပြင်တောင်ကြီးကို မြင်ရသည်။ ကျောက်ပြင်တောင်ကြီးနှင့် ပင်လယ်ကမ်းစပ်ကြားတွင် ဒယ်အိုးတစ် လုံး မှောက်ထားသည့်အလား လုံးလုံး ၀ိုင်း ၀ိုင်းပြားပြား ဖြစ်သော ဒယ်အိုးမှောက် တောင်ငယ်ကို မြင်ရသည်။ တစ်ဖက်ကမ်း တွင် ကျောင်းတောင် ပိဋကတ်တောင် ဆင်ဦးတောင် နန်းတောင်တို့ကို အစဉ် အတိုင်း မြင်ရသည်။  တဖက်ကမ်းသို့ ရောက် သောအခါ ထိုကမ်းခြေကို ဒရောကမ်း ခြေဟု ခေါ်ပါသည်။ ထိုကမ်းခြေမှ ဒရော ချောင်း ပြင်ကျယ်ကြီးကို ခြေကျင် ဖြတ်ကူး ရသည်။ ရေကျချိန်တွင် ချောင်းတွင် ရေ မရှိသဖြင့် ဖြတ်ကူးနိုင်ခြင်း ဖြစ်သည်။ ဒရောချောင်းသည် ကျောက်ပြင်တောင်နှင့် ပိဋကတ်တောင်တို့မှ စီးဆင်း၍ ရွာကို ပတ်ကာ ကျောက်ပြင်တောင်နားတွင် ညောပြင်အော်တွင်းသို့ စီးဝင်သည်။ ထိုကြောင့် ထောင့်ကွယ်မြို့ဟောင်းရှိသော ဆင့်ထောင့်ရွာ အနေအထားသည် အနောက် ဘက်တွင် ပင်လယ်ပြင် တောင်ဘက်တွင် ဒရောချောင်း အရှေ့နှင့် မြောက်ဘက်တွင် တောင်များဝိုင်းနေသည့် အနေအထား ရှိသည်။

ဒရောကမ်းခြေမှတက်သည်နှင့် ဒရော ချောင်းနှင့် ကမ်းခြေအကြားတွင် သဲတာရိုး ကုန်းတန်းကြီးကို တမျှော်တခေါ် တွေ့ရ သည်။ အခြားမြို့ဟောင်းများမှ အုတ်မြို့ရိုး မြေမြို့ရိုး တို့ကဲ့သို့ သဲမြို့ရိုး ဖြစ်သည်။ ၀ါးတပြန်ခန့် မြင့်သည်။ ထိုသဲတာရိုးကြီး ကို ကျော်ပြီးမှ ဒရောချောင်းသို့ ရောက် သည်။ ဒရောချောင်းသည် မနက်ပါ။ ချောင်းပြင်ကျယ်ကြီးမှာ ၄ ဖာလုံခန့် ကျယ်သည်။ ဒရောချောင်းတွင်းမှ ဆင်ထောင့်ရွာကို ကုန်းမြင့်ပေါ်တွင် တွေ့ရ သည်။ ဆင်ထောင့်ရွာ အနေအထားသည် အလွန် ထူးခြားသည်။ ဆင်ဦးတောင် စောင်း ပတ်လည်တွင် ရွာတည်ထားခြင်း ဖြစ်သည်။ ယခင်က ဆင်ထောင့်နှင့် ၀ဲမကိုက် ဟု နှစ်ပိုင်း ကွဲနေသည်။ ၈ နှစ်ခန့်ကမှ တစ်ရွာတည်း ပေါင်းစပ်လိုက်ခြင်း ဖြစ် သည်။ ဒေသခံတို့က ၀ဲမကိုက်ဟု ခေါ် သော်လည်း တရားဝင်အမည်မှာ ဆင်ထောင့် ရွာ ဖြစ်သည်။ ရွာပတ်လည်ဝိုင်းထားသော ဆင်ဦးတောင်ပေါ်တွင် ဘုန်းကြီးကျောင်း နှင့်ဘုရား ရှိသည်။ ရွာအနေအထားသည် တစ်ဖက်က တောင်များပတ်လည်ဝိုင်း၍ တစ်ဖက်က ချောင်းက ပတ်ထားသည်။ သို့သော် ရွာသည် တောင်စောင်းတွင် ဖြစ်၍ ရေဘေး မစိုးရိမ်ရပါ။ ပင်လယ် ကမ်းစပ်နှင့် ရွာရှိရာ တောင်စောင်းကို ဒရောချောင်းကြီးက ခြားထားသည်။ ရွာကို ပင်လယ်ဘက်မှ မမြင်ရ။ ရွာတောင် စောင်းဘက်မှ ကြည့်လျှင် ပင်လယ်ဘက် မှလာသော သူများကို မြင်ရသည်။ ရွာကို ၀ိုင်းထားသော တောင်များကလည်း မြင့်သည်။ ထောင့်ကွယ်ဆိုသည့်အတိုင်း ပင်လယ်နှင့် တောင်ထောင့်တွင် ကွယ်နေ သောနေရာ ဖြစ်သည်။ ရှေးက ဤနေရာ သည် စစ်ရေးအရ လုံခြုံမှုရှိခဲ့ဟန် တူသည်။ လာတိုက်ရန်လည်း မလွယ်ကူ လှသော အနေအထား ဖြစ်သည်။

ဆင့်ထောင့်ရွာဟောင်းနေရာတွင် ဘုရင့်ဆင်ဖြူတော် ရေချိုးရာ ဆင်ဖြူကန် ဟူသည် နေရာတစ်ခုကို တွေ့ရသည်။ ကန်ကောနေသဖြင့် ရေမရှိပါ။ ဆင်ဖြူရုံ ဆိုသည့် နေရာတွင် ဘုရင့်ဆင်ဖြူတော် ထားသည်ဟု ဆိုသည်။ ပိဋကတ်တောင် နှင့် ကျောက်တောင်ခြေရင်းလောက်တွင် ရှိသည်။ ဆင်ဖြူရုံဆိုသော်လည်း အဆောက်အဦ မဟုတ်ပါ။ ပေ ၁၂၀ ကျယ် ၀န်းသော အ၀ိုင်းသဏ္ဌာန် နေရာတစ်ခု ဖြစ်သည်။ အလယ်တွင် အနက် ၃ တောင် ခန့် ရှိနေရာတွင် သဲနှင့် ပြည့်နေပြီး မည်သည့် သစ်ပင်မှ မပေါက်ရောက်ပေ။ အ၀န်းအ၀ိုင်းပုံသဏ္ဌာန်တစ်ခုလုံးကို ကျောက်တုံးများဖြင့် ကျောက်ရိုးစီကာ ၀ိုင်းကာထားသည်။ ကျောက်ရိုးအမြင့် သည် ၈ ပေခန့် ရှိသည်။ ယခုအခါ     ပစောက် သဏ္ဌာန်သာ ကျန်တော့သည်။ အ၀ိုင်းအ၀န်းအလယ်တွင် ဆင်ဖြူတော်ကို ကြိုးဖြင့် ချည်ထားရာ သပြေပင် ရှိခဲ့ဖူးသည် ဟု ဆိုပါသည်။ သပြေပင်၏ ပင်ခြေတွင် ဆင်ကြိုးချည်ရာအဖြစ် သိမ်ဝင်နေ သည့်အရာကိုပင် မြင်ရဖူးကြောင်း ရွာသားများက ပြောသည်။ ထိုသပြေပင် သေသွားသည်မှာ မကြာသေးဟု ဆို သည်။ ထိုဆင်ဖြူရုံအတွင်းသို့ ဆင်မများ သာ ၀င်လာ၍ ရသည်။ ဆင်ထီးများ ၀င် လာလျှင် အော်ဟစ်ပတ်ပြေးနေရသည်မှာ ဆင်ဖြူရုံအပြင်ရောက်မှ နားရတော့သည် ဟု ဆင်ဖြူရုံနေရာ၏ ထူးခြားမှုကို ရွာခံများ က ပြောပြသည်။

နန်းတောင်မှ ဆင်ဖြူရုံသို့ ထောင့်ကွယ် မင်းကြီး ဆင်းလာသည့် ကျောက်လမ်းမ ကြီး ရှိသည်။ သဲပေါ်တွင် ပင်လယ်ကမ်းခြေရှိ ကျောက်တုံးကျောက်သားများဖြင့် လူလုပ် ထားသော ကျောက်လမ်းမကြီး ဖြစ်သည်။ ၁၆ ပေ ကျယ်ပါသည်။ အချို့နေရာတွင် သဲများဖုံးနေသည်။ သဲများကို တူးကြည့် လျှင် အောက်က ကျောက်လမ်းမကြီး ပေါ်သည်။ သဲမြို့ရိုး ၏ အပြင်ဘက်တွင် နန်းတောင်မှ ပိဋကတ်တောင်သို့ သွားသော ကျောက်လမ်းမကြီး ရှိသေးသည်ကိုလည်း တွေ့ရသည်။ ၁၆ ပေပင် ကျယ်ပါသည်။ အချို့ နေရာများ ပျက်စီးပြီး ပြတ်နေပါပြီ။ သဘာဝအနေအထား မဟုတ်ပါ။ လူလုပ် ထားသည့် ကျောက်လမ်းမကြီးများသာ ဖြစ်သည်။ ထောင့်ကွယ်မင်းကြီး ကိုးကွယ် ရာ သံဃာတော်များအတွက် ကျောင်း တောင်တွင် ကျောင်းရှိပြီး ပိဋကတ်တောင် တွင် ပိဋကတ်တိုက် ရှိသည်ဟု ဆိုသည်။ မင်းကြီးကျောင်းနှင့် ပိဋကတ်တိုက် ရှိရာသို့ သွားသော လမ်းမကြီး ဖြစ်သည်။

နန်းတောင်ဟုခေါ်သောနေရာသည် နန်းတော်ရာ ဖြစ်မည်ဟု ယူဆရသည်။ အုတ်ကျိုး အုတ်ပဲ့များ အပုံလိုက် ရှိသေး သည်။ ထူးခြားသည်မှာ အုတ်များတွင် အပေါက်များ ပါရှိ၏။ အုတ်ချပ် အကောင်းပကတိ မရှိတော့သဖြင့် အတိုင်း အတာ အမှန်ကို မသိရပါ။ သို့သော် ရှေးအုတ်ချပ်များ ဖြစ်သည်ကို ခန့်မှန်း၍ ရပါသည်။ အိုးခြမ်းကွဲ အပိုင်းအစများ လည်း တွေ့ရသည်။ အိုးသားသည် မြေသား မဟုတ်ပါ။ ကမ်းခြေကျောက်သား နှင့် သဲကိုရော၍ ပြုလုပ်ထားသော အိုးသား ဖြစ်သည်။ အစင်းကြောင်းများနှင့် အိုး တွင် ပန်းဖော်ထားပါသည်။

ရာဇ၀င်လာအရ ပေါက်္ကံပြည်ရှင် အလောင်းစည်သူမင်း၏ အဆက်အနွယ် ဖြစ်သော စောသူရမင်းသည် ထောင့်ကွယ် မြို့ (ယခု ကြက်လွှတ်ရာ)မှ ပြောင်းရွှေ့၍ သက်္ကရာဇ် ၇၉၂ ခုနှစ် (ဗီ ၁၄၃၀) မှာ ဝေဒီမြို့ကို တည်ထောင်ပြီး စိုးစံသည်ဟု ဆိုထားပြီး နောက်တစ်ချက်အနေဖြင့် သာဂရမြို့ (ယခု မြို့ဟောင်းရွာ) ကိုအုပ် စိုးတဲ့ ရှင်ဇံ(နန်္ဒိယ) မင်းနှင့်မိဘုရား စောမြ ဒေ၀ီတို့ရဲ့သားတော် ဗလဒေ၀ စောရန်နိုင် ခေါ် စောသီလမင်း ပြောင်းရွှေ့စိုးစံသည်ဟု ရာဇ၀င်တွင် ပြထားပါသည်။

ဒေသခံတို့ ပြောသော ထောင့်ကွယ် မြို့သမိုင်းသည် ဒဏ္ဍာရီ ဆန်သော်လည်း ယနေ့တိုင်ရှိနေသေးသော အခေါ်အဝေါ် များ နေရာဒေသများအရ လုံးဝပယ်ချ ရန်လည်း မသင့်ပေ။ သမိုင်းဒဏ္ဍာရီအရ ကြိုးစား ဖော်ထုတ်ပါဦးမည်။

ယခင်ကာလများက လူမသိသည့် မြို့ဟောင်းရာလေးက အေးချမ်းခဲ့သည်။ ၂၀၁၁ ခုလောက်ကစပြီး ရဘဲကျေးရွာ မှ ကားလမ်းဖောက်ခဲ့ပြီး အသွားအလာ အဆင်ပြေခဲ့ပါသည်။ ထိုနောက်တွင် မြေယာအရောင်းအ၀ယ် အရှုပ်အထွေး တွေ များစွာ ဖြစ်ခဲ့သည်။ ၀ဲမကိုက်ကျေး ရွာ၏ သင်္ချိုင်းမြေပါ ရောင်းသည့်အထဲ ပါသွား၍ အတော်ဖြေရှင်းရသည်ဟု ကြားရပါသည်။ ယင်းကာလက သူဋ္ဌေး တစ်ဦးကလည်း ကျောင်းတောင်ဘက်တွင် မြေနေရာဝင်ယူကာ တောရှင်းပြီး ရော်ဘာ စိုက်ဖို့ လုပ်နေ ကြောင်း ရွာသားတစ်ဦးက အကြောင်း ကြားလာခဲ့ဖူးသည်။ ယနေ့ အခါ မည်သို့ရှိနေမည် မသိရပေ။

ဤသို့တိမ်မြုပ်ပြီး တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားမည့် ရှေးမြို့ဟောင်း များ၊ အထိမ်းအမှတ်များ တနင်္သာရီတိုင်း ဒေသကြီးအတွင်း အမြောက်အမြား ရှိနေ ပါသည်။ ပျောက်သွားတာတွေလည်း အတော်ပင် များခဲ့ပြီ ဖြစ်သည်။ ခေတ် အဆက်ဆက် ဒေသဆိုင်ရာအာဏာပိုင် များ တာဝန်ရှိသူများ၏ တန်ဖိုးမထားမှု ပေါ့လျော့မှုတို့အပြင် မသမာသူတို့လက် ချက်တို့ဖြင့်လည်း အတော်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။ ယနေ့အာဏာပိုင်များ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ များပြား လှသော ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်များ နိုင်ငံတော်သမိုင်းကို တစ်ထောင့် တစ်နေရာက အားဖြည့်ပေးမည့် အဖိုးတန် သမိုင်းအထောက် အထားများ လေလွင့် မပျက်စီးစေရန်အတွက် ဒေသခံပြည်သူ များသို့ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ရှေး/သုနှင့် သက်ဆိုင် သော ဥပဒေများကို သိနားလည်နိုင် ကြစေရန် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ပေးရန် လိုအပ်ပါသည်။  ပြည်သူများ အသိကြွယ်ပါမှ အာဏာပိုင်များ တာဝန် ပေါ့မည် ဖြစ်သည်။

ယခင့်ယခင် ကာလများက တွေ့ကြုံ ခဲ့ရဖူးသော ခေတ်အဆက်ဆက် အစိုးရ အာဏာပိုင်များ လက်ထက်တွင်  သာဂရကို သွား၍ ရှင်ဇလွန်ဘုရားကြီးအတွက် မည်မျှလှူဒါန်းသည်။ မောင်မယ်ရှောင် သို့သွား၍ ရှင်ဓာတ်ဝဲဘုရား တန်ဆောင်း ပြုပြင်သည်ကို ထောက်ပံ့ခဲ့သည်။ မုတ်္ထီးရွာသို့ သွား၍ ရှင်မုတ်္ထီးဘုရားကို သင်္ကန်းကပ်သည် စသည့် ပြည့်ပြီးသား ဖြစ်သော မလိုအပ်သော အလျှံပယ်ဖြစ်နေ သော နေရာများကိုသာ တွင်တွင်သွားကာ ရွှေရှိမှ အမျိုးတော်ချင်သလိုလို မယောင်ရာ ဆီလူး ခဲ့ကြဖူးပါသည်။

ယနေ့ ပြည်သူ့အစိုးရလက်ထက် တွင် ယခင်လူများကဲ့သို့အပြကောင်းရုံသက်သက်မလုပ်ဟု ယုံကြည်စိတ်ဖြင့် အမှန် တကယ် ထိန်းသိမ်းရန်လိုအပ်နေ သော ရှေးဟောင်းယဉ်ကျေးမှုနယ်များကို လုပ်ငန်းတာဝန်အရသော်လည်းကောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်အရ သော်လည်းကောင်း၊ နိုင်ငံတော်သမိုင်းကို အလေးအမြတ်တန်ဖိုးထားတတ်သည် ဟူသော မွန်မြတ် မှန်ကန်သော သဘော အမြင်များဖြင့် စိတ်အားထက်သန်စွာ ကာကွယ်စောင့်ရှောက် ပံ့ပိုးကူညီ ဆောင် ရွက်ခြင်းဖြင့် မိမိတို့၏ အရပ်သားအစိုးရ ပုံရိပ်ကို တစစမြှင့်တင်နိုင်ပါသဖြင့် မအား မလပ်သည့်ကြားမှပင် တစ်ချက်လောက် တော့ ငဲ့ကြည့်သင့်ပါကြောင်း အကြံပြုအပ် ပါသည်။            ။

အာကာဖြိုး(ကံပေါက်)