ဓနိပျား

0
80

“ရွာမှာက တခြားအလုပ်တွေလည်း မရှိဘူး။ ရှိရင် ဒီအလုပ်ကို မလုပ်ချင်တော့ ပါဘူး”

အမြုပ်တစီစီထပြီး ဝေ့လျှံကျတော့မည့် ဓနိရည်ပူကို အုန်းမှုတ်ခွက်ဖြင့် တခြားဒယ်အိုးသို့ ပြောင်းထည့်ရင်း သူက ဆိုသည်။

သူ့အမည်က ကိုဝင်းနိုင်။ အသက်က ၃၆ နှစ်။

သားသမီး ၃ ယောက်ရှိပြီး လင်မယား ၂ ယောက်ပေါင်းလျှင် မိသားစုက ၅ ယောက်။ မိရိုးဖလာ ဓနိပျားချက်ရောင်းသည့် လုပ်ငန်း၊ သူ့မိဘထံမှ အမွေဆက်ခံပြီး လုပ်လာသည်မှာ ၁၅ နှစ်မကတော့။

သားသမီး ၃ ယောက်အနက် အကြီးဆုံးက ၈ တန်း၊ အလတ်က ၅ တန်း၊ အငယ်ဆုံးက KG ကျောင်းနေအရွယ်။ ဓနိတောထဲ နေထွက်ပြီး ဓနိတောထဲ နေ၀င်ခဲ့ရသည့်နေ့များက သားသမီး ၃ ယောက်၏ နောင်ရေးအတွက် သူမြှုပ်နှံခဲ့ရသည့် ဘ၀။

နံရံတွင် ချိတ်ဆွဲထားသည့် ပြက္ခဒိန်တွေ ပြောင်းသွားတာကိုလည်း သူက အမှတ်မထားနိုင်။ မိုးမလင်းခင် အချိန်ကတည်းက မိုးစုပ်စုပ်ချုပ်သည်အထိ သူ့ခြေထောက်တွင် စိုနေသည့်ရွှံ့က ခြောက်ခြင်း မရှိ။

မိသားစု ထမင်းနပ်မှန်ရေးအတွက် သူ့တဲကုပ်   ကလေးနှင့် ဓနိတောထဲမှာ ပျား တစ်ကောင်လို     ခေါက်တုန့် ခေါက်ပြန်။ အချိန်တွေကို သယ်လာ သည့် ရာသီစက်ဝိုင်းနဲ့ နေ့တစ်ဓူဝ စီးမျောရင်း   ထူးမခြားနား ဓနိပျား ကျိုသည့်လုပ်ငန်း သံသရာထဲ သူက တ၀ဲလည်လည်။

နေရာက မြိတ်မြို့မှ မိုင် ၂၀ ခန့်ဝေးသည့်             တညက်ဆိုသည့် ရွာကြီးတစ်ရွာ။

အလောင်းမင်းတရား ဦးအောင်ဇေယျ ယိုးဒယားသွားတိုက်စဉ် တစ်ညအိပ်ဖူးပြီး တညဥ့်ဟုခေါ်ရာမှ ကာလရွေ့လျားလာ သည်နှင့်အမျှ တညက်ဟု အမည်တွင်ခဲ့ သည်ဟုဆိုသည့် သမိုင်းထဲက ရွာ။

ယခင်ကသူတို့ ရွာရှိ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်းက ဓနိပျားကျိုသည့် အလုပ်ကို လုပ်ကိုင်ခဲ့ကြသည်။  မြိတ်မြို့နယ် တစ်ကြော သူတို့ကျိုချက်သည့် ဖြူလွလွ သကြားလိုဖြစ်နေသည့် ဓနိပျားက အကောင်းဆုံး။ မျက်နှာပန်းအလှဆုံးဖြင့် မြိတ်၊ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်း အထိ နာမည်ရခဲ့သလို ခုချိန်အထိလည်း သရဖူက မပွန်းမပဲ့သေး။

“ဒီတစ်ကြောမှာတော့ တညက်ပျားက အကောင်းဆုံးပဲ။ သကြားလို ဖြစ်နေတယ်”ဟု တောင်ရှည်ကျေးရွာနေ ယခင်က ဓနိပျားလုပ်ကိုင်သူ ဦးတင်ဦးလွင်က ဆိုသည်။

မြိတ်မြို့နယ်အတွင်းရှိ ရေချိုရေငန်စပ် ပင်လယ်ဒီရေရောက်သည့် မြစ်ချောင်းတစ်လျှောက်  ပေါက်ရောက်နေကြသည့် ဓနိပင်တွေက ဒေသခံတောသူ တောင်သားများ၏ စားဝတ်နေရေးကို တစ်ဖက်တစ် လမ်းက ဖြေရှင်းပေးနေသော သဘာဝကပေးသည့် လက်ဆောင်။

ဓနိပျားဆိုသည်က ဓနိရည်အား မီးပြင်းပြင်းဖြင့် ၄၅ မိနစ်အကြာကျိုချက် ပြီးမှရလာသည့် တင်လဲရည်။ ဓနိပျား ၂ မျိုးထွက်ပြီး ဖြူလွလွဓနိပျားကိုတော့ မြိတ်ဒေသခံများက မုန့်အချိုပြုလုပ်ရာတွင် အများဆုံးထည့်သွင်း အသုံးပြုကြပြီး ရိုးရိုးသွက်သည့် ပျားအရည်ကိုတော့ အရက်ချက်ရာ၌သော်လည်းကောင်း ပဲဆီ ပြုလုပ်ရာ၌သော်လည်းကောင်း အသုံးပြုကြကြောင်း ဓနိပျားကျို လုပ်ငန်းလုပ်သူများက ပြောပြသည်။

“ထမင်းစားပြီးတိုင်း ပျားကိုနည်းနည်း လေးစားရင် အဆီကျတယ်။ ခန္ဓာကိုယ်ထဲက အပူအပုပ်ကျတဲ့အပြင် တခြားဆေးဖက်ဝင်မှုတွေက အများကြီးရှိတယ်””ဟု ကိုဝင်းနိုင်က ဆိုသည်။

လွန်ခဲ့သည့် ၁၅ နှစ်ကျော်က ဓနိတောများ လယ်ယာမြေပြောင်းလဲရေး စီမံကိန်းထဲ ပါသွားသည်ကလည်း မနည်း။ သို့သော် လက်ရှိအချိန်အထိ သည်ရွာ၌ ဓနိတောတွေက အများကြီး ရှိနေသေးသည်။ ယခုချိန်မှာတော့ သည်အလုပ်ကို လုပ်ကိုင်ကြသူတွေ မရှိကြတော့။ ရပ်ကွက် ၆ ခုရှိပြီး အိမ်ခြေတစ် ထောင်ကျော်ရှိသည့် တညက်ကျေးရွာ၌ လက်ရှိမှာတော့ ဓနိပျားကျိုသည့် အလုပ်လုပ်နေသူက လက်ရှိ ၃၀ ရာခိုင်နှုန်းပင် မရှိတော့။

အဓိက ပြဿနာက ထင်းပေါ့၊ ရွာအနီး တောင်ပေါ်ကရတဲ့ သစ်ကို ၀ယ်ပြီး ကျိုနေရတယ်

ဟု ကိုဝင်းနိုင်က ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ဒီရေ တောမှ ထင်းခုတ်ယူခွင့် ပိတ်ခဲ့သည့်အတွက် မိမိတို့တစ်နိုင်တစ်ပိုင် ပျားကျိုချက် သည့်လုပ်ငန်းလုပ်သူများ ထင်းအခက်အခဲဖြစ်ကာ ယင်းလုပ်ငန်းရပ်နားလိုက် ရသူများကြောင်း ၎င်းက ပြောပြသည်။

လက်ရှိ သူကိုယ်တိုင်သည်လည်း ရွာအတွင်း၌ရှိသည့် သရက်ပင် ရော်ဘာပင် နှင့် တစ်ခြားအပင် အမျိုးမျိုးကို ကြံဖန် ၀ယ်ယူကာ လက်ရှိလုပ်ငန်းအား ဖြစ်သလို လည်ပတ်နေကြောင်း ပြောပြသည်။

“တော်ရုံလူက မလုပ်နိုင်ဘူး။ မိုးလင်းကနေ မိုးချုပ် ဓနိတောထဲမှာပဲ အချိန်ကုန်သွားတယ်”ဟု ပျားဖောင်း(ဓနိကျိုသည့်ဖို)အတွင်း ဆိုက်ထားသည့် ထင်းကို ပုဆိန် ဖြင့်ထုကာ ပြာခြွေချရင်း သူက ဆိုသည်။

လက်ရှိ သူလုပ်နေသည်က ဓနိရိုး ၅၀၀ ရှိပြီး သူတို့လင်မယားနှစ်ယောက်နှင့် အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ် ယောက်ကိုလည်း အကူအဖြစ် ငှားရမ်းထား သည့်အတွက် ကျန်သည့် တစ်သောင်းခွဲ မှာ လူ ၃ ယောက်၏ လုပ်အားခဖြစ်နေ ကြောင်း ကိုဝင်းနိုင်က ရှင်းပြသည်။

“အပင်ပန်းဆုံး အလုပ်ပဲ။ ထမင်းစားချိန် သီးသန့် မရှိဘူး၊ မနက်စာကို (မွန်းလွဲ) ၂ နာရီလောက်မှ စားရတဲ့နေ့က များ တယ်”ဟု ကိုဝင်းနိုင်၏ ဇနီးဖြစ်သူ မခင်မာအေးက ၅ ဂါလံပုံးဖြင့် ထည့်လာသည့် ဓနိရည်များအား မိုးဗြဲဒယ်အိုးအတွင်း လောင်းချရင်းဆိုသည်။

သူမ ကိုယ်တိုင်ကလည်း မနက် ၄ နာရီအချိန်ကတည်းက အိပ်ရာမှထပြီး ကျောင်းသား ၃ ယောက်ထမင်းချိုင့် အတွက်ရော လင်မယား ၂ယောက်စားဖို့အတွက်ပါ ချက်ပြုတ်ကြော်လှော်ရပြီး လင်ယောက်ျားနှင့်အတူ မိုးချုပ်သည်အထိ ဓနိတောထဲ မောင်တစ်ထမ်း မယ်တစ်ရွက်။

“မိဘဆွေမျိုးတွေ ကျန်းမာရေး မကောင်းလို့ ခဏလေးသွားဖို့တောင် အချိန်ကလုနေရတယ်”ဟု သူမက ၀ါးကွပ် ပျစ်လေးပေါ် ထိုင်ချပြီး သက်ပြင်းတစ်ချက် တိတ်တခိုးချရင်း ညည်းသည်။

ဓနိပျားကျိုသည့်လုပ်ငန်းက ၃ ရက်လောက် ဓနိမလှီးဘဲပစ်ထားလျှင် ဓနိရိုးတွေက အရည်မထွက်တော့ အားလုံး ဆုံးရှုံးကုန်ပြီး မူလအတိုင်းပြန်ရရန် နောက်ထပ်တစ်နှစ်တိတိ စောင့်ဆိုင်းရကြောင်း ကိုဝင်းနိုင်က ပြောပြသည်။

ဓနိရိုး ၅၀၀ လျှင် ဓနိရည် ၅ ဂါလံပုံးဖြင့် ၁၆ ပုံးခန့်ရရှိပြီး အားလုံးကိုကျိုလိုက်လျှင် ၅  ဂါလံဝင်ပျား ၂ ပုံးသာကျန်တော့ကြောင်း ၎င်းက ရှင်းပြသည်။

“၅ ဂါလံတစ်ပုံး ပေါက်ဈေးက ၁ သောင်းလေးထောင် တစ်နေ့ ၂ပုံးရတယ် ဆိုတော့ လုပ်အားခပဲ ကျန်တယ်”ဟု ၎င်းက ပြောသည်။

တစ်နေ့ကို ၃ သောင်းခန့်ရရှိပြီး ထင်းဖိုးစာရိတ်က ၁ သောင်းကျော်ကုန်ကျသည့်အတွက် လုပ်အားခလေး ကျန်နေသည်ကပင် နေ့စဉ် ထမင်းစားဖို့ရနေကြောင်း ကိုဝင်းနိုင်က ဆိုသည်။ ထင်းမရှိသည့် အတွက် ဓနိတော ပိုင်ရှင်များ ဓနိပျားကျိုချက်သည့် လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိဘဲ တချို့ဓနိတောပိုင်ရှင်များက လုံးဝ ရပ်နားလိုက်ကြသူများရှိသလို တချို့ကလည်း တစ်နိုင်တစ်ပိုင် ပအုန်းရည်ခေါ် ရှာလကာ အချဉ်ရည် လုပ်သူများလည်း ရှိနေသေးကြောင်း ၎င်းက ပြောပြသည်။

ပအုန်းရည်ခေါ် အချဉ်ရည်က ဓနိရည် အချိုအား ၂ ရက်လောက် ဒီအတိုင်းထား လိုက်လျှင် ချဉ်သွားသည့်အရည်မျိုးဖြစ်ကာ ဓနိရည်ခါးအနေဖြစ်တော့ ဇနုပ်ဟု ခေါ်သည့် ၀ါးပြောင်းထဲ၌ ဓနိရည်ချေး အား ထည့်ထားပြီး အခါးအဖြစ်လုပ် သောက်၍ရပြီး ရွာမှကာလသားများအကြိုက်ဖြစ်ကြောင်း ကိုဝင်းနိုင်က ရှင်းပြ သည်။

ဓနိတော ၃ တောတွင် ဓနိရိုးတစ်ထောင်ကျော်ရှိပြီး ယခင်က ဓနိပျားကျိုခဲ့ သော်လည်း ယခုအခါထင်းဝယ်ရခက်ခဲသလို အလုပ်သမား လူခခေါ်၍ မရသည်အတွက် ဓနိရိုး အနည်းငယ်ကို ပအုန်း ရည်အဖြစ်သာ တစ်နိုင်တစ်ပိုင် လုပ်ကိုင် နိုင်တော့ကြောင်း မြိတ်မြို့နယ်၊ တောင်ရှည် ကျေးရွာမှ ဓနိတောပိုင်ရှင် ဒေါ်ညိုမာလွင်က ပြောသည်။

ပျားကျိုဖို့ ထင်းမရှိဘူးဆိုတော့ ကျန်တဲ့ဟာတွေ ဒီအတိုင်းလွှတ်ပစ်ထားရတယ်။  လူတွေက ကင်းမွန်မီးထွန်းလှေပဲ လိုက်နေကြပြီ။ တော်ရုံဈေးနဲ့လည်း သူတို့က ဒီအလုပ်ကိုမလုပ်ကြတော့ဘူး

ဟု ၎င်းက ပြောသည်။

တောင်ရှည်ရွာတွင် ယခင်ကဓနိပျားကျိုသူ အများအပြားရှိခဲ့သော်လည်း ယခုအချိန်မှာတော့ ၅ ဦးပင် မပြည့်တော့ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က ထင်းလှေ တစ်စီး ၁ သိန်းမှ ယခုအခါ ၂ သိန်းခွဲပေါက် ဈေးရှိပြီး လိုသလိုဝယ်၍ မရတော့ကြောင်း နှင့် ဓနိလုပ်ငန်း၌ ဇနုပ်ခေါ် ဓနိရည်ခံသည့် ပြောင်းအဖြစ် အဓိက အသုံးပြုရသည့် ၀ါးများလည်း ယခင်တစ်လုံး ၅၀၀ ကျပ် မှ ယခုနှစ်တွင် ၁၀၀၀ ကျပ်ဖြစ်သွား ကြောင်း ဒေါ်ညိုမာလွင်က ဆိုသည်။

အလားတူ အိမ်ခြေ ၆၀၀ ကျော်ရှိ သည့် မြိတ်မြို့နယ်ပသောင်း ကျေးရွာတွင်လည်း ယခင်က ဓနိပျားကျိုသူ ၈၀ ရာခိုင်နှုန်း ကျော်ရှိရာမှ ၂ နှစ်အတွင်း ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ယင်းရွာ၏ အုပ်ချုပ်ရေးမှူး ကိုနေလင်းစိုးက ပြော သည်။

“ထင်းက ၀ယ်လို့လည်းမရ။ အရဲ စွန့်ပြီး ကိုယ်တိုင်သွားခုတ်ကြတော့လည်း အဖမ်းခံရပြီး ထောင်ကျဆိုတော့ လုပ်မယ့် သူက မရှိတော့ဘူး”ဟု ၎င်းင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က ဓနိပျားကျိုရန် အရဲစွန့်ပြီး ရွာမှထင်းသွားခုတ်သူ တစ်ဆယ်နီးပါး အဖမ်းခံရကာ အမှုရင်ဆိုင် ရပြီး တစ်ယောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ လစီအကျခံရပြီး ဖြစ်ကာ ယခုပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ကိုနေလင်းစိုးက ပြောပြသည်။

ထင်းအခက်အခဲ လုပ်သားအခက်အခဲကြောင့် ဓနိတောပိုင်ရှင်များပင် ရပ်နားနေရသည့် ယင်းအသိုင်းအ၀ိုင်း အတွင်း ဓနိတောကို ငှားရမ်းကာ ဇွဲကောင်းကောင်းနှင့် ပျားကျိုနေသူတစ်ဦးလည်း တညက်ရွာ၌ ရှိနေသေးသည်။

သူအမည်က ဦးတင်ဦး။

ဓနိရိုး ၁၀၀ တွက်သီးစားခ တစ်ရာသီလျှင်ပျား ၅ ဂါလံဝင်ပုန်းဖြင့် ၄ ပုံးပေးရပြီး လက်ရှိ ဓနိရိုး ၇၀၀ ခန့်ကို လုပ်ကိုင်နေသူ။ သူ့မှာလူငှားမရှိ ငှားလည်းမငှားနိုင် အိမ်ရှိမိသားစု ကြီးကြီးငယ်ငယ်အား လုံးဝိုင်းကူပြီး လုပ်နေရကြောင်း ဆိုသည်။

“ထင်းစရိတ်နဲ့ လူငှားပြီးလုပ်မယ် ဆိုရင်တော့မကျန်တဲ့အပြင် ပြန်တောင်စိုက်ပြီး ပေးရမယ့်အလုပ်”ဟု ၎င်းက ပြော သည်။

သူလည်း ကိုဝင်းနိုင်လို ရွေးချယ် စရာအလုပ်မရှိသည့်အဆုံး၊ ရှိသည့်အလုပ် ကို ကြိတ်မှိတ်လုပ်နေသူ။

အများအားဖြင့်  ဓနိပျားကို စပါးရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှ စကျိုကြပြီး ယင်းလုပ်ငန်းက ၃ လသက်တမ်းသာရှိကာ နွေပျားဟုခေါ်ပြီး မိုးရာသီအတွင်း မိုးပျား ကျိုကြသူလည်း မဆိုစလောက်ရှိကြောင်း  ဦးတင်ဦးက ပြောပြသည်။

“ဒီအလုပ်ပဲရှိတဲ့ကျွန်တော်တို့ ဆင်းရဲသား တောသူတောင်သားတွေ အတွက် ရွာနားနီးမှာ လွပ်လွပ်လပ်လပ် ထင်းခုတ်ခွင့်လေး တော့ ပေးစေချင်တယ်”ဟု ဦးတင်ဦးက မ၀ံ့မရဲ ဖွင့်ဟသည်။

ဓနိပျားကျိုသည့်လုပ်ငန်းကို မြိတ် အရှေ့မြို့နယ်ဘက်က ရွာများဖြစ်သည့် တညက်၊ ပသောင်း၊ တောင်ရှည်၊ မဇော၊ တုံးဗျော၊ ကလင်ဘန်း၊ ကင်းဆိုး၊ တပ်တောင်၊ ပြင်းတောင်  စသည့်ရွာများ၌ နွေစပါးပြီးချိန် မိရိုးဖလာလုပ်ကိုင်ကြပြီး ယခုအခါ လုပ်ကိုင်သူများ တဖြည်း ဖြည်း နည်းလာကြောင်း မြိတ်ရှိ ဓနိပျား ရောင်းဝယ်သူများက ပြောပြသည်။

“ထင်းကခုတ်လို့ မရတော့ ဒီလုပ်ငန်းကို ရပ်နားလိုက်ပြီး အိမ်မိုးဖက်ပဲ ခုတ်ပြီးရောင်းစား နေကြတဲ့သူတွေ များ သွားပြီ”ဟု နောက်လယ်ရပ်မှ ဓနိပျားနှင့် အိမ်မိုးဖက်ရာင်းဝယ်ရေးလုပ်သူက ပြောပြသည်။

အလားတူ မြိတ်မြို့၌လည်း ယခင်က ဓနိပျားကျိုချက်သူ အများအပြားရှိခဲ့ပြီး ယခုအခါ ယင်းဓနိတောများနေရာ၌ အိမ်ရာမြေ ဖော်ထုတ်သည့် စီမံကိန်းများက တဖြည်းဖြည်းနှင့် နေရာယူလာကာ ပျောက်ကွယ်လာပြီ ဖြစ်သည်။

ခုခေတ်သားသမီးတွေ ကိုယ်တိုင် ကလည်း မိဘလက်ငုတ်လက်ရင်း အလုပ် ကိုမလုပ်ချင်ကြတော့ဘူး

ဟု တောင်ရှည် ကျေးရွာမှ ဓနိတောလုပ်ငန်းလုပ်ကိုင်သူ ဦးတင်ဦးလွင်က မှတ်ချက်ပြုသည်။

ဓနိတောထဲ မိုးမလင်းမီအချိန်ကနေ မိုးစုပ်စုပ်ချုပ်သည်အထိ သားသမီးများ ပညာတတ်များဖြစ်အောင် ရုန်းကန်နေရ သည့် ကိုဝင်းနိုင်ကတော့ ပျားကျိုလုပ်ငန်းနှင့်ပတ်သက်ပြီး ယင်းပုံစံအတိုင်း ဆက်သွားနေမည်ဆိုလျှင် မည်သို့ဖြစ်လာမည်ဆိုသည်ကို အောက်ပါအတိုင်းမှတ်ချက်ပေးသည်။

“နောင်လာမယ့် ၁၀ နှစ် ၁၅ နှစ်အတွင်း ဒီဒေသမှာ ပျားကျိုသမားတွေပျောက် ကွယ်သွားမယ့် အနေအထားမျိုးတွေ မြင်နေရတယ်”

ကိုဆန်း(မြိတ်)