တနင်္သာရီတိုင်းတွင် ငလျင်နှင့် မိုးလေဝသတိုင်းတာရေးစက် ရှစ်လုံး တပ်ဆင်မည်

0
458

တနင်္သာရီတိုင်းတွင် ငလျင်တိုင်းစက် နှစ်လုံးနှင့် အလိုအလျောက် မိုးလေဝသ တိုင်းတာရေးစက် ခြောက်လုံးကို ယခုနှစ် အတွင်း အပြီးတပ်ဆင်မည်ဖြစ်ကြောင်း တိုင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယင်းစက်များကို ကမ္ဘာ့ဘဏ်နှင့် ကိုးရီးယားနိုင်ငံ အကူအညီဖြင့် တပ်ဆင်မည် ဖြစ်ကြောင်း ယင်းဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။
ကမ်္ဘာ့ဘဏ်အကူအညီဖြင့် တပ်ဆင်မည့် အလိုအလျောက် မိုးလေ၀သတိုင်းစက် ခြောက်လုံးကို လောင်းလုံး (မောင်းမကန်)၊ ထားဝယ်(ကလိန်အောင်)၊ ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့ နယ်များတွင် တပ်ဆင်မည်ဖြစ်ကြောင်း ဦးဟန်ဝင်းအောင် က ဆိုသည်။
ကိုးရီယားနိုင်ငံ အကူအညီဖြင့် တပ်ဆင်မည့် ငလျင်တိုင်းတာရေးစက်နှစ်လုံးကိုမူ မြိတ်နှင့် လောင်းလုံးမြို့နယ်တွင် တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခုရုံးချုပ်က တပ်လိုက်ပါဆိုပြီး တော့ နှုတ်နဲ့ညွန်ကြားလာပြီ။ တိုင်းအစိုးရ အဖွဲ့မှာ ခွင့်ပြုချက်ထပ်တင်ပြီးတာနဲ့ မြေနေ ရာရရှိရေး ဆောင်ရွက်ပြီးရင် ဒီနှစ်အတွင်း မှာ အပြီးတပ်မယ်”ဟု ၎င်းက ဆိုသည်။
အလိုအလျောက်မိုးလေ၀သတိုင်းတာရေးစက်ကို တိုင်းအတွင်း မိုးလေ၀သတိုင်း တာရေးစခန်းမရှိသည့်နေရာများ၌ ရွေးချယ် တပ်ဆင်ခြင်းဖြစ်ပြီး ငလျင်တိုင်း စက်ကိုမူ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ငလျင်များကိုတွက်ချက်နိုင်ရန် တပ်ဆင် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းတိုင်းတာရေးကိရိယာများကို နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ကွန်ပြူတာ စနစ်ဖြင့်ထိန်းချုပ်မည်ဖြစ်ပြီး ယင်းဌာနက ထုတ်ပြန်ချက်များကို ထုတ်ပြန်ပေးမည် ဖြစ်သည်။
ယင်းစက်ကိရိယာများအားလုံးကို ကူညီပေးသည့် ကမ်္ဘာ့ဘဏ်နှင့် ကိုးရီးယား နိုင်ငံတို့က လာရောက် တပ်ဆင်ပေးမည် ဖြစ်ပြီး တနင်္သာရီတိုင်းအနေဖြင့် တပ်ဆင် မည့် မြေနေရာ စီစဉ်ပေးရန်သာလိုအပ်ကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။
ငလျင်တိုင်းစက်နှင့်မိုးလေဝသတိုင်း ကိရိယာများ တပ်ဆင်ပြီးပါက မိုးလေ၀သ ဆိုင်ရာ အချက်အလက်များကို ယခင် ထက်ပိုမိုတိကျစွာ တိုင်းတာရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ထားဝယ်၊ လောင်းလုံး၊ မြိတ် နှင့် ကော့သောင်းမြို့နယ်တို့တွင်သာ မိုးလေဝသတိုင်တာရေးစခန်းများရှိပြီး ငလျင်တိုင်းတာရေးစက်မှာလည်း ထားဝယ်မြို့နယ်တွင်သာရှိကြောင်း တိုင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် ည ၁၀ နာရီခွဲခန့်က ထားဝယ်ခရိုင်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ခရိုင်တွင် ပမာဏ ၄.၉ ပြင်းအားရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထားဝယ်ခရိုင် အတွင်း နေရာအချို့တွင်လည်း အနည်း ငယ်ရိုက်ခတ်ခဲ့သည်။

 

ကျော်သူစိုး