လယ်လုပ်ရန် မရည်ရွယ်ဘဲ ၀ယ်ထားသည့် မြေများကြောင့် စိုက်ပျိုးလယ်ဧက တစ်ရာကျော်ပျက်စီး

0
671

မြိတ်တောင်ကျေးရွာအုပ်စု တောထွင် ကြီးကျေးရွာတွင် လယ်လုပ်ရန် မရည်ရွယ်ဘဲ ဝယ်ထားကြသည့် လယ်မြေများကြောင့် ယခုနှစ် စပါးသိမ်းချိန်တွင် စိုက်ပျိုးထားသည့် လယ်ဧက တစ်ရာကျော် ပျက်စီးခဲ့ကြောင်း ယင်းကျေးရွာရှိ လယ်သမားအချို့ ထံမှ သိရသည်။
တောထွင်ကြီးကျေးရွာတွင် စီးပွားရးဇုန် တစ်ခုဆောက်မည်ဟူသည့် သတင်း ကြောင့် ကျေးရွာရှိ လယ်မြေအများစုကို မြိတ်မြို့ရှိ ကုမ္ပဏီအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဝယ်ယူခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။
အချို့ဒေသခံများမှာမူ မရောင်းချကြဘဲ ပုံမှန်အတိုင်းသာ စပါးစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် လယ်ဧက သုံးရာကျော်စိုက်ပျိုး ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။
လယ်လုပ်ရန်မရည်ရွယ်ဘဲ ၀ယ်ထား သည့်လယ်မြေများတွင် တာရိုးများ၊ ကန်သင်းများကို မပြုပြင်ခြင်းကြောင့် ပင်လယ်ရေများဝင် ရောက်လာပြီး စပါးစိုက်ထားသည့် လယ်မြေများပါ ရေလွှမ်းခဲ့ကြောင်း ယင်းကျေးရွာရှိ လယ်သမားအချို့က ဆိုသည်။
“လယ်တွေကိုဝယ်ပြီး ဒီအတိုင်းပစ်ထားတော့ တာကျိုးပြီး ရေငန်ဝင်လာလို့ စပါး တွေပျက်စီးခဲ့ရတယ်”ဟု တောထွင်ကြီး ကျေးရွာမှ ရာအိမ်မှူး ဦးညီညီထွေးက ပြောသည်။
တောထွင်ကြီးကျေးရွာသည် တနင်္သာရီ မြစ်နှင့် ယောကြီးဝချောင်း ဝန်းရံထားသည့် ကျေးရွာဖြစ်ပြီး မြေဧက ၂၀၀၀ ခန့် အကျယ်အ၀န်းရှိကြောင်း ဦးညီညီထွေးထံမှ သိရသည်။
ဧက ၁၀၀၀ ကျော်အား စီးပွားရေး လုပ်ငန်းရှင်များက ပြီးခဲ့သည့် ၆ လ အတွင်း၌ ၀ယ်ယူခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
စပါးမစိုက်ဘဲ ပစ်ထားသည့် လယ်များအတွင်း ကျွဲနွားများမိုးရာသီရော နွေ ရာသီပါ လွှတ်ကျောင်းထားသူရှိသည့် အတွက် ပျက်စီးရခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။
“ဒီမှာလယ်မလုပ်ဘူးဆိုပြီး လာလွှတ် ထားတော့ တစ်ကယ်လုပ်နေသူတွေက ပေးဆပ်နေရတဲ့ သဘောဖြစ်နေတယ်” ဟု လယ်ဧက ၂၀ ကျော်ရှိစပါးများ ပျက်စီး ဆုံးရှုံးခဲ့ရသည့် တောထွင်ကြီးရွာသား ဦးသန်းစိုးက ပြောသည်။
တောထွင်ကြီးကျေးရွာတွင် လယ် ဧက ၁၀၀ ကျော်ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး မသိရသေးသည့်အပြင် တရားဝင်စာများ လည်း မရောက်ရှိသေးကြောင်း မြိတ်မြို့ နယ်၊ လယ်ယာမြေနှင့် စာရင်းအင်းဌာနမှ ဦးစီးအရာရှိ ဦးအောင်ဗိုလ်ဝင်း က ပြော သည်။
“ကျွန်တော်တို့ဆီ စာဝင်လာရင်တော့ ချက်ချင်းသွားပြီး စစ်ဆေးတာတွေ လုပ်တယ်”ဟု ၎င်းက ပြောသည်။
ရေငန်ဝင်ပြီး စပါးပျက်စီးသည့်ကိစ္စသည် ရွာသားများ ကျောင်းထားသည့် ကျွဲနွားများကြောင့် တာတမံပျက်စီးကာ ရေငန်ဝင်ခြင်းမျိုး ဖြစ်နိုင်ကြောင်း ယခင် လများအတွင်း တောထွင်ကြီးကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ဖူးသည့်အတွေ့အ ကြုံ အရ ဦးအောင်ဗိုလ်ဝင်းက မှတ်ချက်ပြုသည်။
တောထွင်ကြီးကျေးရွာ စတည် တည်ထောင်ခဲ့သည့် ၁၉၉၂ ခုနှစ် ကတည်းက ယခုကဲ့သို့ စပါးသိမ်းချိန် ပျက်စီးခြင်းမျိုး မရှိခဲ့ဖူးကြောင်း ဒေသခံ လယ်သမားအချို့က ဆိုသည်။

 

ကိုဆန်း