ရွှေကျောင်းကြီး ပြုပြင်ရန် အလှူခံ ဌာနဖွင့်

0
494

ထားဝယ်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကျောင်းကြီးကို ရှေးမူမပျက် ပြုပြင်နိုင်ရန် အလှူခံဌာနကို ယမန်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က ဖွင့်လှစ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
ရွှေကျောင်းကြီး ရှေးမူမပျက် ပြုပြင်ရန် လက်ရှိတွင် တိုင်းဒေသကြီးအစိုးရ၏ အလှူငွေအပါအ၀င် ငွေကျပ် ၁၇၁ သိန်းရရှိ နေပြီဖြစ်ပြီး ပြုပြင်ချိန်တွင် ကျပ်သိန်းသုံးရာခန့် ကုန်ကျနိုင်ကြောင်း ဦးဟိုပင်က ပြောသည်။
လက်ရှိတွင် အလှူခံဌာနကို ရွှေကျောင်းကြီးတွင် ဖွင့်လှစ်ထားသည်။
“အလှူခံဌာနမှာ ဘယ်သူမဆို လာလှူနိုင်တယ်”ဟု တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။
ရွှေကျောင်းကြီးနှင့် ပတ်သက်၍ အသိပညာရှင် အတတ်ပညာရှင်များနှင့် ဆွေးနွေးပြီးပါက ပြုပြင်တည်ဆောက်ရေး လုပ်ငန်းကို ယခုနှစ်မိုးရာသီမတိုင်မီ လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြုပြင်ရာတွင် လိုအပ်မည့်သစ်ကို မြန်မာ့သစ်လုပ်ငန်းတွင် တန်သုံးဆယ် (လုံးတန်) ၀ယ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွှေကျောင်းကြီးတွင် လှေကားတိုင် ၆ လုံး အပါအ၀င် တိုင် ၅၅ လုံးရှိကြောင်း ရွှေကျောင်းကြီး လက်ရှိကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့ဖူးသည်။
ကျောင်းကြီးတွင် လက်ရှိအချိန်ထိ ဆရာတော်ငါးပါး သီတင်းသုံးလာခဲ့ပြီး မြန်မာသက်္ကရာဇ်(၁၂၉၂)ခုနှစ်တွင် ရွှေတောင်စားမင်း လှူခဲ့သည့် ကျောင်းကြီးမှာ ပျက်စီးယိုယွင်းခဲ့သဖြင့် တတိယ ဆရာတော်မှ လက်ရှိ ရှိနေသည့် ကျောင်းကြီးအား ပြန်လည် တည်ဆောက်ခဲ့သည်ဟု လက်ရှိကျောင်းထိုင်ဆရာတော် ဦးကေလာသက မိန့်ကြားခဲ့ဖူးသည်။

 

ကိုဇော်