မွန်အမျိုးသားပညာရေး ရန်ပုံငွေအတွက် ပန်းချီပြပွဲ ကျင်းပမည်

0
522

မွန်ပြည်သစ်ပါတီ အမျိုးသားပညာရေး ဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် မွန်အမျိုးသားပညာရေးကော်မတီ ရန်ပုံငွေ အတွက် ပန်းချီပြပွဲတစ်ခုကို မော်လမြိုင် မြို့ရှိ ရာမညဟိုတယ်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပန်းချီပြပွဲစီစဉ်သူ များထံမှ သိရသည်။

ပန်းချီပြပွဲကို မွန်အမျိုးသားပညာရေး ကော်မတီ၏ ပံ့ပိုးမှုဖြင့် ဇန်န၀ါရီလ ၁၁ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပန်းချီဆရာ ဦးသိန်းဝင်း (အခြေခံ ပန်းချီ သင်တန်း) အပါအ၀င် ပန်းချီဆရာ ၃ ဦး ရေးဆွဲထားသည့် ပန်းချီကား ၁၈၀ ကျော် ကို ခင်းကျင်းပြသသွားမည်ဟု ပန်းချီပြပွဲ စီစဉ်သူ နိုင်စိုးအောင်က ပြောသည်။

“ပန်းချီရောင်းရငွေတွေကို ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို မွန်အမျိုးသား ပညာရေးဌာနကို ရန်ပုံငွေ အနေနဲ့ လှူဒါန်းသွားမယ်”ဟု နိုင်စိုးအောင် က ပြောသည်။

ပန်းချီဆရာ ဦးသိန်းဝင်း၊ မိအိမြတ် နိုးဦးနှင့် မိအဲမဏိအိန်တို့ ရေးဆွဲထားသည့် ပန်းချီကားများကို ပြသရောင်းချသွားမည် ဖြစ်ပြီး ပန်းချီဆရာ ဦးသိန်းဝင်းရေးဆွဲ သည့် ပန်းချီကားများကို ရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းနှင့် မိအိမြတ်နိုးဦးနှင့် မိအဲမဏိအိန်တို့ ရေးဆွဲထားသည့် ပန်းချီ ကားများကို  ရောင်းရငွေ ၏ ၈၀ ရာခိုင်းနှုန်း တို့ကို မွန်အမျိုးသားပညာရေးကော်မတီ ရန်ပုံငွေအဖြစ် လှူဒါန်းမည်ဟု ၎င်းင်းက ဆို သည်။

ပြသရောင်းချမည့်ပန်းချီကားများကို တစ်ချပ်လျှင် ကျပ် ၈ သောင်းမှ ကျပ် ၁၀ သိန်းထိ ဈေးနှုန်းသတ်မှတ် ရောင်းချ သွားမည်ဖြစ်ကြောင်း ပန်းချီဆရာ ဦးသိန်းဝင်းက ပြောသည်။

မွန်အမျိုးသားပညာရေးကျောင်းများ သည် အလှူရှင်များ၏ ကူညီထောက်ပံ့မှု ဖြင့် ရပ်တည်လျက်ရှိပြီး ရေရှည်ရပ်တည် နိုင်ရန်အတွက် ရန်ပုံငွေ အခက်အခဲရှိနေ သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ ထံမှ တာဝန်ခံ မင်းအောင်ဇေက ပြောသည်။

“မွန်အမျိုးသားပညာရေးကျောင်းတွေကို အစိုးရက ထောက်ပံ့ငွေ မပေးဘူး၊ ဖတ်စာအုပ်တို့ စာရေးကိရိယာတို့ ထောက် ပံ့ပေးတာရှိတယ်၊ နိုင်ငံတကာအလှူရှင် တွေရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ ရပ်တည် နေတယ်”ဟု ၎င်းင်းက ဆိုသည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲ မှုအောက်တွင် မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် မွန်အမျိုးသား ကျောင်း ၁၃၃ ကျောင်းတွင် ကျောင်းသား ၁၀၀၀၀ ကျော်ရှိပြီး အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင် ကျောင်း ၉၂ ကျောင်းတွင် ကျောင်းသား ဦးရေ ၁၄၀၀၀ ကျော်ရှိကာ ကျောင်းဆရာ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြား လျက်ရှိသည်ဟု မွန်အမျိုးသားပညာရေး ကော်မတီထံမှ သိရသည်။

 

ယဉ်စနိုင်း