မွန်ပြည်နယ် ကရင်နှစ်သစ်ကူးပွဲတော်တွင် ဒုံးယိမ်းပြိုင်ပွဲ ကျင်းပမည်

0
566

ပြည်နယ်အဆင့် ကျင်းပမည့် မွန်ပြည်နယ် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်တွင် ဒုံးယိမ်းပြိုင်ပွဲ ထည့်သွင်း ကျင်းပ သွားမည်ဟု နှစ်သစ်ကူးပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၆ ရက် တွင် ကျရောက်သည့် ကရင်သက်္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ် တွင် ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ် ၁၀ မြို့နယ်မှ ဒုံးယိမ်း ၁၂ ဖွဲ့က ၀င်ရောက် ယှဉ်ပြိုင် သွားမည်ဟု ကျင်းပရေးကော်မတီ ထံမှ သိရသည်။

“ဒုံးယိမ်းကို ရိုးရာမပျက် ကိုယ့်ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အကုန်လုံး အတူတကွ ပါဝင်ဆင်နွှဲ နိုင်အောင် လို့ပါ”ဟု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် (မွန်ပြည်နယ်၊ မော်လမြိုင်) ကျင်းပရေး ကော်မတီ ဥက်္ကဋ္ဌ စောအောင်ကျော်ဆန်းက ပြောသည်။

ပြိုင်ပွဲဝင်မည့် ဒုံးယိမ်းများသည် ကရင်ပြည်နယ်မှ ကျွမ်းကျင်ဒုံးယိမ်းအက ပညာရှင်များက လေ့ကျင့်ပေးထားသည့် ဒုံးအဖွဲ့များဖြစ်ပြီး ပြိုင်ပွဲကို အကဲဖြတ်ပေး မည့်ဒိုင်များမှာလည်း ကရင်ပြည်နယ်မှ ၀ါရင့်ဒုံးယိမ်းအက ကျွမ်းကျင်သည့်ဆရာ ဆရာမများ ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ပြည်နယ်အတွင်း ကျင်းပသည့် ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်များအတွက် မွန်ပြည်နယ်အစိုးရမှ ပြည်နယ်အဆင့် အတွက် ကျပ်သိန်း ၁၀၀၊ မြို့နယ်အဆင့် အတွက် တစ်မြို့နယ်လျှင် ကျပ် ၁၅ သိန်း၊ ကျေးရွာအဆင့်အတွက် ကျေးရွာ ၃၃ ရွာ ကို ကျပ် ၅ သိန်းစီ စုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော် ကူညီထောက်ပံ့ပေးသည်ဟု မွန်ပြည်နယ်အစိုးရ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြော သည်။

မွန်ပြည်နယ်တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့သာ နှစ်စဉ်နှစ်တိုင်း ကျင်းပ လာခဲ့ကြပြီး ပြည်နယ်အဆင့်ကို ယခုနှစ်မှသာ ကျင်းပခြင်းဖြစ်သည်ဟု အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းတွင် မြို့နယ် ၁၀ မြို့နယ်တို့၌ ကရင်တိုင်းရင်းသားများ နေထိုင်ကြပြီး သထုံမြို့နယ်နှင့် ဘီးလင်းမြို့ နယ် တို့တွင် အများဆုံးနေထိုင်ကြောင်း သိရသည်။

မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကရင်တိုင်းရင်းသား ၃ သိန်းကျော် ရှိသည်။

 

ယဉ်စနိုင်