ညင်းမော်-တီဇစ်လမ်း ပြန်ပြင်ပြီးနောက်တစ်ရက် ပြန်အက်ကွဲဟုဆို

0
390

လောင်းလုံးမြို့နယ်ရှိ ညင်းမော်-တီဇစ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို ပြန်ပြင်ပေးထားပြီး ဖြစ်သော်လည်း ပြင်ပြီးနောက်တစ်ရက်အကြာတွင် ပြန်အက်ကွဲနေကြောင်း တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းစိုးက ပြောသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို ခွင့်ပြုငွေ သိန်းကိုးထောင်ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇူလိုင်လခန့်က စတင်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းမပြီးခင်ပင် ကွန်ကရစ်များ အက်ကွဲလာကြောင်း ဦးဝင်းမင်းစိုးက ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းပြီးစီးခဲ့ပြီးနောက် လမ်းပိုင်းတစ်လျှောက် နေရာ ၂၀ ခန့်တွင် ကွန်ကရစ် အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် အဆိုပါလမ်းအား ပိုမိုကောင်းမွန်စွာ ပြန်လည်ပြုပြင်ပေးပါရန် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ထံ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတစ်ကြိမ်၊ ဒီဇင်ဘာလ ၂၄ ရက်ကတစ်ကြိမ် စာပို့ထားခဲ့ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအကြိမ် ၀န်ကြီးချုပ်ထံ စာတင်ပြီး ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက် အထိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက လာရောက်ပြုပြင်ပေးခဲ့သော်လည်း ပြင်ပြီးသည့် နောက်တစ်နေ့တိုင်းတွင် ပြန်အက်ကွဲနေကြောင်း ၎င်းက ပြောသည်။

“လာပြင်ပေးပြီးလည်း အဆင်မပြေဘူး။ ကွဲနေတာတွေ ပြန်ဖြည့်ပေးတယ်။ နောက်တစ်နေ့ဆိုပြန်ကွဲနေတယ်။ လမ်းလုပ်တဲ့အဖွဲ့ကတော့ ပြန်သွားပြီ” ဟု ဦးဝင်းမင်းစိုးက ဇန်န၀ါရီ ၃ ရက်က ပြော သည်။

မိုးရာသီတွင် လုပ်ငန်းစတင်လုပ်ကိုင်ခြင်းကြောင့် ယင်းကဲ့သို့ လမ်းများ အက်ကွဲလာခြင်းဖြစ်ကြောင်း ထားဝယ် ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွှန့်က ပြောသည်။

“အက်နေတာတွေကို ပြန်ပြင်ပေးမှာပါ။ အခုလည်း ဌာနက ၀န်ထမ်း တွေသွားပြင်ပေးနေတာရှိပါတယ်” ဟု ဦးမျိုးဝင်းညွှန့်က ဆိုသည်။

အဆိုပါလမ်းသည် လက်ရှိတွင် သွားလာမရအောင်ပျက်စီးနေခြင်းမျိုးမဟုတ်သော်လည်း နောက်ပိုင်း ယာဉ်အသွား အလာများပါက ပိုဆိုးလာမည်ကို စိုးရိမ် သဖြင့် ၀န်ကြီးချုပ်ထံ တင်ပြထားခြင်း သာဖြစ်ကြောင်း တီဇစ်ကျေးရွာ အုပ်ချုပ် ရေးမှူးကပြောသည်။

 

ကျော်သူစိုး