သက်ငယ်မုဒိမ်း ထားဝယ်ခရိုင် အများဆုံးဖြစ်ပွား

0
413

၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း ထားဝယ်ခရိုင်တွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တစ်နှစ်တာကာလအတွင်း ထားဝယ်ခရိုင်တွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ၁၈ မှု၊ မြိတ်ခရိုင်တွင် ၁၄ မှုနှင့် ကော့သောင်း ခရိုင်တွင် ၁၄ မှု ဖြစ်ပွားခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။

သက်ငယ်မုဒိမ်းဖြစ်ပွားမှု အများစုမှာ ကျေးလက်ဒေသများတွင် ဖြစ်ပွားလေ့ရှိပြီး မိဘများက စားဝတ်နေရေးအတွက် အဓိက လုပ်ကိုင်နေရကာ အနီးကပ်မစောင့် ရှောက်နိုင်ခြင်းကြောင့် ဖြစ်ပွားမှုများ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

“မိဘတွေက ဆွေမျိုးတွေဆီမှာ ထားခဲ့ရာက ယုံကြည်မှုကို အလွဲသုံးစား လုပ်ပြီး ပြုကျင့်တာလည်းရှိတယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်း၌ ထားဝယ်မြို့နယ်တွင် ဖြစ်ပွားမှုက အများဆုံးဖြစ်ပွား ပြီး ၇ မှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တိုင်းအတွင်း သက်ငယ်မုဒိမ်းမှု ၃၉ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၄၆ မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။

 

                     ကိုဇော်