ချစ်တာနဲ့ ချစ်တတ်တာ အပုံကြီး ကွာသည်

0
111

မှတ်မှတ်ရရ လွန်ခဲ့သည့် ၁၀ နှစ် ကျော် လူပျိုပေါက်အရွယ်က ထင်သည်။ ယခုကဲ့သို့ မင်္ဂလာကာလတွင် အိတ်ဆောင် ရေဒီယိုလေးကနေ မင်္ဂလာသီချင်းတစ်ပုဒ် လာနေသည်။

“ချစ်တာ ကြိုက်တာ ပဓာနမို့ …” ဟု စာသားပါသည့် မင်္ဂလာသီချင်း။ နာမည် ကျော်သီချင်းဟု သိသော်လည်း သီချင်းနှင့် ပတ်သက်ပြီး သေချာ မမှတ်မိတော့။ သို့သော် တစ်သက်လုံး မှတ်မိနေသည်က ထိုသီချင်းလာချိန်တွင် အဖေ လုပ်လိုက်သည့် အပြုအမူ ဖြစ်သည်။

“ချစ်တာ ကြိုက်တာ ပဓာနမို့ …”ဟု စာသားကို ရေဒီယိုလေးက လာနေချိန်တွင် “ချစ်တာကြိုက်တာ ချည်းနဲ့ မပြီးဘူး”ဟု ပြောပြီး ရေဒီယိုကို ကိုင်ပေါက်မည့်ဟန် လုပ်ပြီး ဘေးကို “ဂွပ်”ခနဲ့ ဖယ်ပြီး ချလိုက် ခြင်း ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်၊ အချစ်ကို စိတ်ကစားစအရွယ် ကိုယ့်အတွက် အဖေ့ အပြုအမူက အဆန်း ဖြစ်နေသည်။ “အဲလိုကြီးလား”ဟုလည်း တွေးမိသည်။

အဆိုပါ အခင်းဖြစ်ပြီး ၁၀ နှစ်ခန့် အကြာမှာတော့ အဖေ့ပြောပြီး လုပ်လိုက် သည်နှင့် ပတ်သက်ပြီး ကောက်ချက်ချလိုက် သည်က မှန်ပါသည်။ တိတိကျကျပြောရ လျှင် ယေဘုယျအားဖြင့် မှန်ပါသည်။ တကယ့် ဘ၀ကို ဖြတ်သန်းချိန်တွင် ချစ်တာ ကြိုက်တာချည်းဖြင့် မပြီးပါ။

သို့သော်  . . . ။ ယင်းသို့ အဖြေဆီ ဦးမတည်သည့် အစွန်းထွက် အကောက် အယူမျိုးတော့ မဖြစ်သင့်ပါ။ တစ်ဦးကို တစ်ဦး ချစ်ခြင်း မေတ်္တာရှိရန်မှာ အခြေခံ လိုအပ်ချက် ဖြစ်သည်။ အဆောက်အအုံ တစ်ခု၏ အောက်ခြေအထိုင်ဟုပင် ဆိုနိုင် သည်။

အောက်ခြေအထိုင် အခြေခိုင်လျှင် ခိုင်သလောက် အိမ်၏ တောင့်တင်းမှု တည်မြဲမှု၊ ရေရှည်ခံမှု၊ လေဒဏ်မိုးဒဏ် ရာသီဥတုဒဏ်ကို ခံနိုင်မှုတို့ အားကောင်း သည်ဟု ယေဘုယျ ယူဆနိုင်သည်။

သို့သော် အောက်ခြေအထိုင်တစ်ခု တည်းနှင့်လည်း မဖြစ်။ များမြောင်လှစွာ သော ထောက်ပံ့ရမည့် အရာများလည်း ကောင်းရန်၊ အံဝင်ဂွင်ကျ ဖြစ်ရန် လိုအပ်လှ ပေသည်။ အမိုးကောင်းရမည်။ နံရံက လည်း သင့်တင့် လျှောက်ပတ်ရမည်။ အခန်း ဖွဲ့တာကလည်း ပနံသင့်ရမည် စသဖြင့် အားလုံး သူ့နေရာနှင့် သူ အံဝင်ဂွင်ကျ ဖြစ် ရန် လိုပေသည်။

ယင်းသို့ အံဝင်ဂွင်ကျ ဖြစ်ရန်မှာ ချစ်ရုံ နှင့် မပြီး။ ချစ်တတ်ရန်လည်း လိုအပ်ပေ သည်။

မတူညီသည့် မိသားစု ၂ ခုမှ ပေါက် ဖွားလာသူ ၂ ဦး နှစ်ကိုယ်တူ ဘ၀လမ်းကို လျှောက်လှမ်းကြပြီဆိုလျှင် နိစ္စဓူဝ ကြုံရ သည်က မတူညီမှုများ တွန်းတိုက်မိခြင်း ဖြစ်သည်။

ထိုမတူညီမှုများကို မိမိတို့၏ ဘ၀ အိမ်လေးတွင် အံဝင်ဂွင်ကျ ဖြစ်အောင် မည်သို့ ညှိမည်နည်း။ ချစ်တတ်ခြင်းဖြင့် သာ ညှိနိုင်ပါသည်။ မေတ်္တာဖြင့်သာ ညှိနိုင် ပါသည်။ ယင်းအတွက် ချစ်တတ်ရန် လိုပါ သည်။ ချစ်တတ်ခြင်းသည် မေတ်္တာစိတ် ဖြင့် ချစ်ခြင်းကို ဆိုလိုပါသည်။

မတူညီမှုများ တွန်းတိုက်မိသည့် အခါ ချစ်တတ်ခြင်းဖြင့်သာ မတူညီရခြင်း ၏ ရင်းမြစ်ကို ရှာနိုင်ပါမည်။ သို့မှသာ နားလည် အသိအမှတ်ပြု၊ စာနာနိုင်မည်။ သို့မှသာ ပထမအဆင့်အနေဖြင့် ကြုံရသည့် တွန်းတိုက်မှုကို အရှိန်လျော့နိုင်ပေမည်။

ယင်းသို့ အရှိန်လျော့ပြီးမှသာ တဖြည်းဖြည်းချင်း မတူညီသည့် အရာ ၂ခု အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစား ညှိနှိုင်း ရမည် ဖြစ်သည်။အခါတော်တော်များများတွင် လူ တွေ ပြောလေ့ရှိသည်မှာ “ဒီလင် ဒီမယား ဘာဆို ဘာမှ မတူတဲ့ ၂ ယောက် ဘာကြောင့် ညားပါလိမ့်”ဟူသည့် စကား ဖြစ်သည်။ အမှန်မှာ ဘာမှ မတူခြင်းတော့ မဟုတ်။ အခြေခံ တူညီသည့်အချက်များ ရှိလေ့ရှိ သည်။ ယင်းသို့ လင်နှင့် မယားတွင် တူညီ သည့် အချက်များ ရှိသည်ကို ကာယကံရှင် များ ကိုယ်တိုင်ပင် သိချင်မှ သိပေမည်။

စိတ်နေသဘောထား၊ တန်ဖိုးထားမှု၊ ယုံကြည်မှု စသဖြင့် တစ်စုံတစ်ရာ တစ် စိတ်တစ်ဒေသ တူနေလေ့ ရှိပါသည်။

ယင်းအချက်ကို တွေ့ရန် ကြည့်တတ် ရန် အင်မတန် အရေးကြီးပေသည်။ ယင်း သို့ တူညီသည့် အချက်ကို တွေ့လိုက်ခြင်း ဖြင့် မတူညီမှုများကို နားလည်ပေးရန်၊ ညှိ နှိုင်းရန်အတွက် ခွန်အား ဖြစ်စေပါသည်။

အချစ်ကြီးသည့်အခါ အတ်္တကြီးသည့် အတွက် အမျက်ကြီးသည်။ ထို့ကြောင့် ကိုယ်ဖြစ်စေချင် ကိုယ်ပြောင်းစေချင်သည် များဖြင့် ပူလောင်ရသည်။ ကိုယ့်ချစ်သူကို ဤသို့ ဤလို မြင်ချင်ပါသည်ဟူသည် ကပင် စေတနာအရောင်းဆိုးထားသည့် အတ်္တ ဖြစ်သည်။ ယင်းအတွက် အတင်း အကြပ် အကောင်အထည်ဖော်လျှင်တော့ အတ်္တစစ်စစ် ဖြစ်သွားသည်။  သို့သော် အမှန် ကို လက်မခံချင်သည့်အတွက် အချစ်ကို ရိုးမယ်ဖွဲ့သည်။ ခုတုံးလုပ်ကြသည်။ နား ထောင်ကောင်းသည့်အတွက် လူတွေက လည်း ယုံကြ မျောပါကြသည်။

ချစ်တတ်သည့်အခါ မေတ်္တာစိတ်ဖြင့် ချစ်တတ်လာသည်။ အယူမှန်သည့် ချစ် ခြင်းဟု ဆိုရမည်ဖြစ်သည်။ သည့်အတွက် သူ့အခွင့်အရေး၊ သူ့အယူအဆ၊ သူ့ဖြတ် သန်းမှု စသဖြင့် မိမိ၏ လက်တွဲဖော်နှင့် ပတ်သက်သည့် အစစအရာရာကို နားလည် အသိအမှတ်ပြုရန် ကြိုးစားသည်။ နောက် နှစ်ကိုယ်တူလျှောက်မည့် လမ်းအတွက် အကောင်းဆုံးဖြစ်မည့် အဖြေကို ရှာ သည်။ အချစ်ကိုလည်း ရိုးမယ်မဖွဲ့၊ ခုတုံး မလုပ်ပေ။

ချစ်တာနဲ့ ချစ်တတ်တာ အပုံကြီး ကွာ ပါသည်။ တကယ့် ခိုင်မြဲ အေးချမ်းသည့် လက်တွဲဖော်များဖြစ်ချင်ပါက ချစ်ရုံနှင့် မပြီး ချစ်တတ်ရန်လည်း လိုပေသည်။

မက်အိမ်