မြိတ်တွင် ယာဉ်တိုက်မှု ယခင်နှစ်ထက် လျော့နည်း

0
435

မြိတ်ခရိုင်တွင် ယမန်နှစ်ထက် ယခုနှစ်ယာဉ်တိုက်မှု လျော့နည်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အစိုးရဌာနများ၊ ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြိတ်တွင် ၂၀၁၇ ခုနှစ်က ယာဉ်တိုက် မှု ၂၀၆ မှုရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၆၉ မှုသာ ရှိခဲ့ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

၂၀၁၇ ခုနှစ်က ဒဏ်ရာရသူ ၃၃၉ ဦးနှင့် သေဆုံးသူ ၈၂ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ ဒဏ်ရာရသူ ၃၂၄ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိကြောင်း ၀န်ကြီးက ဆိုသည်။

“အတတ်နိုင်ဆုံး ပညာပေးလုပ်ငန်း တွေလုပ်သလို ဖမ်းဆီးမှုတွေ အရေးယူမှုတွေ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်လာတဲ့အကျိုးရလဒ်လို့ ယူဆပါ တယ်”ဟု ၎င်းက ပြောသည်။

မြိတ်တွင် စည်းကမ်းမဲ့မောင်းနှင် ကြသည့် မော်တော်ယာဉ်များ မကြာခဏ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)ထံမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)