မြိတ်တွင် ငါးဖမ်းရာသီ လေးလအတွင်း ရေလုပ်သား တစ်ရာကျော် ထောင်အချုပ်ထဲရောက်

0
736
မြိတ်ကမ်းနား၌ ရပ်နားထားသည့် ကင်းမွန်မီးထွန်းလှေများအား ဒီဇင်ဘာလအတွင်းကတွေ့ရစဉ်။ ဓာတ်ပုံ - ကိုဆန်း

မြိတ်ခရိုင်တွင် ယခုနှစ် ငါးဖမ်းရာသီ ကာလ လေးလအတွင်း ရေလုပ်သားတစ်ရာကျော် ဖမ်းဆီးခံရပြီး ထောင်အချုပ်ထဲသို့ ရောက်ရှိနေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။

ငါးဖမ်းရာသီစတင်သည့် သြဂုတ် လ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ၄ လကျော် ကာလအတွင်း လိုင်စင်မဲ့ ကင်းမွန်လှေ ၂၃ စီး ဖမ်းမိခဲ့ပြီး ယင်းလှေ များမှ လှေဦးစီး အပါအ၀င် ရေလုပ်သား ၁၀၆ ဦး ထောင်အချုပ်ရောက်ရှိကာ အမှု ရင်ဆိုင်နေရကြောင်း အထက်ပါရုံးထံမှ သိရသည်။

၎င်းတို့ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက တရားလိုပြုလုပ်ကာ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၄ အရ တရားစွဲဆိုထားခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၄၄ ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁၀ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် သုံးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

လိုင်စင်မရှိသည့်အတွက် အဖမ်းခံရ သည့် လှေအများစုမှ တ၀လိုင်စင် လျှောက်ထား သည့် လှေများဖြစ်ပြီး လက်ရှိအချိန်တွင် တ၀လိုင်စင် မထုတ်ပေးတော့သဖြင့် လိုင်စင်မဲ့လှေ သဘောမျိုးဖြစ်သွားပြီး အဖမ်းခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်အသင်း တွဲဘက် အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

တ၀လိုင်စင်ဆိုသည်မှာ ယခင်က ဒေသလိုအပ်ချက်အရ ငါးလုပ်ငန်းဦးစီး ဌာနက ထုတ်ပေးခဲ့သည့် လိုင်စင်တစ်မျိုး ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စ၍ ထုတ်ပေးခြင်း မရှိတော့ပေ။

“လိုင်စင်က မလုပ်တာ မဟုတ်ဘူး၊ လုပ်လျက်သားနဲ့ကို  ချမပေးတာ”ဟု ဦးဌေးလှိုင် က ပြောသည်။

လိုင်စင်ချ မပေးသော်လည်း စားဝတ်နေရေး အခက်အခဲကြောင့် အရဲစွန့်ကာ ပင်လယ်ပြင်ထွက်ကြသည့် လှေများ အဖမ်းခံနေရပြီး ရေလုပ်သားများ ထောင် အတွင်း ရောက်ရှိကာ ၎င်းင်း၏ မိသားစုဝင်များလည်း စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ဦးဌေးလှိုင်က ဆိုသည်။

လိုင်စင်လာလျှောက်ကြသည့် ကမ်း နီးလှေ အများစုမှာ ကမ်းနီးလိုင်စင်ထုတ်ပေး နိုင်သည့် စည်းကမ်းချက်နှင့် ညီညွတ်ခြင်း မရှိဘဲ သတ်မှတ်ထားသည့် လှေအရွယ် အစား အင်ဂျင်ပါဝါ စသဖြင့် ကြီးမားနေခြင်းကြောင့် ချပေးခြင်းမရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပြော ကြားဖူးသည်။

ကမ်းနီးလိုင်စင်သည် လှေအလျား ပေ ၃၀ နှင့် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၂၅ ကောင်အောက်ရှိရမည်ဖြစ်ပြီး ကမ်းခြေ ရေအစပ်မှ ၁၀ မိုင်အတွင်း ငါးဖမ်းဆီးခွင့်ရှိသည့်လိုင်စင်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ခေတ်ကာလ အခြေ အနေအရ ကမ်းနီးငါးဖမ်းလှေများမှာ ကမ်းနီးသတ်မှတ်ချက်ကို ကျော်လွန် လျက် ရှိသည်။

နိုင်ငံခြား ငါးခိုးဖမ်းလှေများအား ရည်ရွယ်၍ ယခင်ကထုတ်ခဲ့သည့် ဥပဒေ ဖြင့် ယခုမှပေါ်လာသည့် ကင်းမွန်မီးထွန်း လှေများအား ကိုင်တွယ်နေခြင်းမှာ မဖြစ် သင့်ကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က ပြောသည်။

ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများနှင့် နိုင်ငံသူနိုင်ငံသားများအတွက်လည်း အကျိုးမရှိသည့် ဥပဒေများ အား အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် ကြိုးစားနေကြောင်း ဒေါ်တင်တင်ရီက ဆိုသည်။

“ဒေသခံ ရေလုပ်သားတွေအတွက် ဒီဥပဒေက ၀န်နဲ့အား  မမျှဘူး ဖြစ်နေ တယ်”ဟု ၎င်းက ပြောသည်။

တရားမ၀င်သည့် ငါးဖမ်းလှေများ၊ စည်းကမ်းနှင့်မညီသည့် ငါးဖမ်းလှေများအား ရေတပ်နှင့် ပင်လယ်ပြင်စိုးမိုးရေးတပ်များ ပူးပေါင်းဖမ်းဆီးကာ မြိတ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ်နှံပြီး စစ်ဆေးကာ တရားစွဲဆိုခြင်းများ ပြုလုပ် နေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။

 

ကိုဆန်း