ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု (၄)

0
644

ယခင်အပတ်မှအဆက်……

အကြမ်းဖက်မှုခံစားရသော အမျိုး သမီးအတွက် ကနဦး ကူညီပံ့ပိုးမှု

နားထောင်ပါ –  ဝေဖန်ဆုံးဖြတ်အပြစ်တင်ခြင်းမပြုဘဲ နားလည်စာနာမှု ဖြင့် ကောင်းစွာ နားထောင်ပေးပါ။

လိုအပ်ချက်များ၊ စိုးရိမ်မှုများကို မေးမြန်းပါ –  အကြမ်းဖက်မှုခံရသူ၏ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် လက်တွေ့ဘ၀တို့အတွက် လိုအပ်ချက်နှင့် စိုးရိမ်မှု အမျိုးမျိုးကို ဆန်းစစ်ပါ။ (ဥပမာ-  ကလေးကို စောင့်ရှောက်ရန်)

ခိုင်မာစွာ ရပ်တည်ပေးပါ – အကြမ်းဖက်ခံရသူအပေါ် နားလည်     ယုံကြည်ကြောင်း ဖော်ပြပါ။ အကြမ်းဖက် ခံရသူမှာ ကိုယ့်ကိုကိုယ်ဖြစ်စေ၊ အခြား တစ်ပါးသူကဖြစ်စေ အပြစ်တင်ခြင်း ခံရမည့်သူ မဟုတ်ကြောင်း သေချာရှင်း ပြပါ။

လုံခြုံဘေးကင်းရေးအတွက်  ကူညီ ပါ – အကြမ်းဖက်မှု ထပ်မံဖြစ်ပွားပါက အန်္တရာယ်မတွေ့ကြုံရန် မည်သို့ ကာကွယ် နိုင်မည်ကို အတူတကွဆွေးနွေး၍ အစီ အစဉ်ဆွဲနိုင်အောင် ကူညီပေးပါ။

ကူညီပံ့ပိုးညွှန်းပို့ပါ –  သတင်းအချက် အလက်များ၊ အခြားဝန်ဆောင်မှုများ၊ လူမှုရေးကူညီပံ့ပိုးမှုများနှင့် ချိတ်ဆက်နိုင် ရန် ကူညီပေးပါ။

ကျန်းမာရေးစောင့်ရှောက်သူများ သည် –

ခွဲခြားဆက်ဆံမှု၊ မညီမျှမှုများကို အားပေးခြင်းမှ ရှောင်ရှားရမည်။ အမျိုး သမီးများ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက်္ခာ ကို မြှင့်တင်ပေးရမည်။ သူမအပေါ် နောက်ထပ် အန်္တရာယ် ကျရောက်နိုင်ခြေကို ရှောင်ရှား၍ သူမ၏ဆန်္ဒအတိုင်း တတ်နိုင် သမျှ အကောင်းဆုံး စောင့်ရှောက်ပေးနိုင် ရန်အတွက် ကျွမ်းကျင်မှုများရှိရန် လိုအပ် ပါသည်။

ကျား၊ မအခြေပြုအကြမ်းဖက်မှုခံစား ရခဲ့ရသူများမှ ကျန်းမာရေးစောင့်ရှောက် ပေးသူများအား ဦးစွာ ဆက်သွယ်အကူ အညီ တောင်းလေ့ရှိသောကြောင့် အကူ အညီများစွာ ပေးအပ်နိုင်သည့် မိမိတို့၏ အလွန်အရေးပါသော အခန်းကဏ္ဍကို သတိပြုရန် လိုပါသည်။

(၁) အကြမ်းဖက်ခံနေရသည်ကို စောစီးစွာ သတိပြုမိပါက ပို၍မဆိုးလာမီ သိရှိဖော်ထုတ်နိုင်ပြီး လိုအပ်သော ကာကွယ် စောင့်ရှောက်မှု၊ အကူအညီ၊ ၀န်ဆောင်မှု များနှင့် ချိတ်ဆက်ပေးနိုင်မည်။ သင့်လျော် မှန်ကန်သော ဆေးကုသစောင့်ရှောက်မှုကို ပေးနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချနိုင်မည်။ (ဥပမာ – လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခံရပြီး (၅)ရက်အတွင်း လာရောက်ပါက အရေးပေါ် သားဆက် ခြားဆေး (EPC) ကို ပေးနိုင်ပြီး (၃) ရက်အတွင်း ဖြစ်ပါက HIV ပိုးတားဆေး (PEP) နှင့် လိင်မှ တစ်ဆင့်ကူးစက်တတ် သော ရောဂါကာကွယ်ဆေးများကို ပေးနိုင်မည်။

(၂) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရသူများအား ပြည့်စုံသောဆေးကုသမှု မပေးပါက – မလိုလားသော ကိုယ်ဝန် ရရှိခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ် သောရောဂါရရှိခြင်း စသည်တို့ ဖြစ်လာ နိုင်ပါသည်။ ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူသည် ကျန်းမာရေး ဦးစီးဌာနသို့ စောစီးစွာ လာရောက်သင့် ကြောင်း လူထုအတွင်း အသိပညာပေးရန် လိုအပ်ပါသည်။

(၃) အိမ်တွင်းအကြမ်းဖက်ခံရသူများ မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား ဖွင့်ဟပြောဆိုလေ့ မရှိသောကြောင့် အခြား ကျန်းမာရေး ပြဿနာများဖြင့် လာရောက်သူများကိုလည်းဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစား၍ လိုအပ်ပါက မေးမြန်း ကူညီ ဆောင်ရွက်ပေးရမည်။ ကြောက်ရွံ့ နေမှု၊ ပူပန်နေမှုများကို အချိန်မီ သတိ ပြုမိပါက ဆက်လက်၍(သို့မဟုတ်) ပို၍ အကြမ်းဖက်ခံ နေရခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်း၊ အသတ်ခံရခြင်း၊ သတ်သေခြင်း စသည့်ဆိုးရွားသော အခြေအနေများ ဖြစ် လာနိုင်သည်။

(၄) အကြမ်းဖက်ခံရသူအပေါ် ခွဲခြားနှိမ်ချ၍ ဝေဖန်အပြစ်တင်ကာ လျှို့ဝှက်ချက်ထိန်းသိမ်းမပေးခဲ့ပါက – စိတ် ဒဏ်ရာရရှိစေနိုင်ပြီး ကျန်းမာရေးဌာန များသို့ မလာရောက်တော့သောကြောင့် အကူအညီမရနိုင်တော့ဘဲ များစွာ ထိခိုက် ခံစားစေနိုင်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးမှ ကျား၊ မ အခြေပြုအကြမ်း ဖက်မှုခံစားရသူများအား နားလည်စာနာမှုဖြင့် ဆက်ဆံကာ ပြည့်စုံစွာ ကုသစောင့် ရှောက်ပေးပြီး အခြားအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ချိတ်ဆက်ပေးခြင်းဖြင့် အကောင်းဆုံးကူညီပံ့ ပိုးကြရန် လိုပါသည်။         ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန

လာမည့်အပတ် ဆက်လက်ဖော်ပြ ပါမည်။