မြွေပါလည်းဆုံး သားလည်းဆုံး

0
800

ထားဝယ်ဒေသ၏ အနောက်ဘက် လောင်းလုံးကျွန်းဆွယ်တစ်လျှောက်ရှိ ကမ်းခြေများ၊ သဘာဝအလှများသည် နှစ်ပေါင်းများစွာ မပျက်မယွင်းတည်ရှိနေပြီး ဒေသခံများ၏ လူမှုဘ၀အသက်မွေးမှုနှင့် နက်ရှိုင်းစွာ ယှက်ငင်လျက် ရှိသည်။
ယင်းဒေသများတွင် ရေလုပ်ငန်းစခန်းငယ်များတည်ဆောက် နားခို အပန်းဖြေ လုပ်ကိုင်စားသောက်ကြသဖြင့် ဒေသခံတို့၏ ဘ၀တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ထိုကြောင့် လောင်းလုံးကျွန်းဆွယ်တစ်ဝိုက် မြေယာများ၊ ကျွန်းများ၊ ကမ်းခြေများသည် ငွေကြေးသက်သက်ထက်ပိုသော “တန်ဖိုး” ရှိသည်ကို သတိပြုရန် လိုသည်။
ယခုနှစ်ပိုင်းအတွင်း ထားဝယ်ဒေသကို ခရီးသွားဧည့်သည်များ ပိုမိုလာ ရောက်လာသည့်အလျောက် ထိုကမ်းခြေများ၊ သဘာဝအလှများ ပိုမိုလူသိများ လာသည်။ ထိုကြောင့်ပင်လျှင် ရင်းနှီးမြှုပ်နှံသူ စီးပွားရှင်တို့ မျက်စိကျလာပြီး ကမ်းခြေများ၊ ကျွန်းများကို ဝယ်ယူခြင်း၊ အပန်းဖြေစခန်း၊ ဟိုတယ်ဆောက်ရန် အကြောင်းပြ မြေယာလျှောက်ထားလာခြင်းတို့ကို တွေ့ရသည်။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်းလိုကြောင်း အပ်ကြောင်းထပ်အောင် ဆွေးနွေးပြောဆိုလေ့ ရှိသည်။ သို့သော် ဒေသခံများ သူဋ္ဌေးဖြစ်လာရေး၊ ဒေသခံများ ကိုယ်တိုင်ကိုက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးသူများ ဖြစ်လာရေးကိုကား အလေးပေး မပြောဆိုသလောက် ဖြစ်သည်။
ဆိုလိုသည်မှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပြီး ဒေသခံများက ထိုလုပ်ငန်းများတွင် အလုပ်သမားများ ဖြစ်လာရေးကိုသာ ဦးစားပေး စဉ်းစား မူဝါဒချမှတ်လေ့ ရှိသည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုများ ဝင်လာချိန်တွင် ဒေသခံ များကိုယ်တိုင်လည်း လုပ်ငန်းရှင် သူဋ္ဌေးများ ဖြစ်လာရေး မည်သို့စီမံမည်ကို ဦးစားပေးခြင်း နည်းပါးလေ့ရှိသည်။
ထိုကြောင့် လောင်းလုံးကျွန်းဆွယ်နှင့် ပတ်သက်၍ မူဝါဒချ စဉ်းစားရာတွင် (၁) ရှိရင်းစွဲ အခြေတည်သော လုပ်ငန်းများ မပျက်ယွင်းရေး (၂) ရှိရင်းစွဲ သဘာဝဝန်းကျင် အလှအပများ မပျက်ယွင်းရေး (၃) ဒေသခံများ ကိုယ်တိုင် အခွင့်အလမ်း အသစ်များကို ဖမ်းဆုပ်နိုင်ပြီး (အလုပ်သမားသက်သက် မဟုတ်ဘဲ) လုပ်ငန်းရှင်များအဖြစ် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေး (၄) ငွေရှင်ကြေးရှင် ရင်းနှီးမြှုပ်နှံသူ များလည်း လုပ်သာကိုင်သာရှိရေး မျှတစွာ စဉ်းစားလုပ်ကိုင်ကြရန် လိုကြောင်း အလေးအနက် ညွှန်းဆိုလိုပါသည်။ ထိုသို့မဟုတ်ပါက ပတ်ဝန်းကျင်လည်း ပျက်၊ ဒေသခံများ၏ စားကျက်လည်း ပျောက်၊ ဒေသခံများလည်း အဆင့်နိမ့် အလုပ်သမားသာဖြစ်၊ မြေယာဝန်းကျင် အားလုံးလည်း ငွေကြေးမျက်နှာ ကြည့်သူတို့ ထံသာ ရောက်သွားမည်ဖြစ်သည်။
ထိုသို့ မဖြစ်ရန် သက်ဆိုင်ရာ မူဝါဒချမှတ်သူများ၏ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မူဝါဒချမှတ်နိုင်မှု အပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ထိုမှသာ မြွေပါလည်းဆုံး သားလည်းဆုံး မဖြစ်မည်ဖြစ်ပါကြောင်း။

အယ်ဒီတာ