ဗိုလ်ချုပ် ရင်ဖွင့်လေသည်

0
162

ဒီဇင်ဘာလအတွင်း ကျွန်တော်ခရီးတွေ အလွန်သွားဖြစ်ခဲ့သည်။ သွားဖြစ်ဆို ကိုယ်နေတဲ့ ကော့သောင်းကိုတောင် ပြန်မရောက်ခဲ့။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတော့။ ခုတော့ ခရီးစဉ်တွေ တစ်ချို့တ၀က် ပြီးတော့ ကော့သောင်းကို အပြန်ခရီး ချီတက်လာပေသည်ပေါ့။ ဝေးလွန်းတယ်လို့ ပြောနိုင်တဲ့ ရန်ကုန်-ကော့သောင်းခရီးစဉ်။ အစဉ်လာမပျက် နှစ်(၇၀)တိုင်တဲ့ မြန်မာအမျိုးသားလေကြောင်းနဲ့ အိမ်အပြန်ခရီးကို အသော့နှင်ပေဦးမပေါ့။ ဒီနေ့လေယာဉ် ဆင်းဖို့ လက်မှတ်မှာရေးထားတဲ့အချိန် ထက် မိနစ်တော်တော် နောက်ကျသည်။ လေယာဉ်မယ်ကတော့ လေယာဉ်ထွက်ခွာချိန် နောက်ကျရခြင်းအတွက် လူကြီးမင်းတို့၏ အဆင်မပြေမှုများကို တောင်းပန်ပါတယ်လို့ ကြေညာသွားသည်။ ကိုယ်တွေတော့ ခွင့်မလွှတ်လို့မှ မရပဲ။ စီးစရာ ဒါပဲ ရှိတာကိုးလို့ ကိုယ့်ဘာကိုယ်ပြောမိသည်။

ကော့သောင်းလေဆိပ်ရောက်မှ လာကြိုမယ့်သူငယ်ချင်း ပုလုံးတုံတုံးသား ကိုလွမ်းက ပေါ်မလာသေး။ ကိုယ်ကတော့ လေဆိပ်ရှေ့ ဆရာဦးအောင်စိုးခြံမှာ စောင့်ရတော့မယ့် သဘော။ လာနေပြီလို့တော့ ခုလေးတင် ဖုန်းဆက်ထားတော့ စောင့်ရပေဦးမပေါ့။ ဆရာအိမ်ရောက်ပြီး နှုတ်ဆက် စကားပြောရုံရှိသေး။ ဒီဇင်ဘာမိုးက တဖြောက်ဖြောက် ရွာလာသည်။ လေယာဉ် ဆိုက်ချိန် နောက်ကျတာမို့ နေအလင်းရောင် ကွယ်ပြီး သကာလ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာချေပြီ။

ကိုလွမ်းက ဖုန်းဆက်လာ ပြန်သည်။ ဘေးတွဲလေးနဲ့ လာကြိုမယ် စောင့်နေဦးတဲ့။ ကိုယ်လည်း ဆရာ့အိမ်က ပက်လက် ကုလားထိုင်ကလေးမှာ ထိုင်စကားပြောရင်း ဆရာအိမ်က ကားကလေး ငှားယူသွားပြီး မနက်ဖြန်မှ ပြန်လာပို့ရင် ကောင်းမလား စဉ်းစားမိသည်။ ပါလာတဲ့ အ၀တ်အိတ် တွေ၊ စာအုပ်တွေတော့ ဒီမိုးနဲ့ ရွှဲရွဲစိုသွား နိုင်သည်။ မိုးကနည်းနည်းပဲ သည်းတယ် ဆိုပေမဲ့ ၇ မိုင်လောက် ဝေးကွာတဲ့ခရီးဆိုတော့ သိပ်တော့ အဆင်ပြေဖို့တော့ မမြင်။

ကိုလွမ်းကလည်း ခုထိပေါ်မလာ။

ဘာပြောပြော ဒီလိုထိုင်ပြီး မှိန်းနေရ တာ ဇိမ်ကောင်းသားလို့လည်း တွေးမိသည်။

စဉ်းစားရင်း တွေးတောရင်းနဲ့ စိတ်မြန်သူ ကျွန်တော်လည်း ဆရာ့ကားပေါ် ပစ္စည်းတွေတင်  ဆရာ့ကားလေးကို မိုးဖွဲဖွဲ မှာ တဖြည်းဖြည်း မောင်းလာဖြစ်တော့သည်။ လာကြိုမည့် ကိုလွမ်းကိုလည်း စောင့်မနေဖြစ်တော့။ အချိန်လွန်နေပြီ မဟုတ်ပါ လား။ ကားမောင်းရင်းမှ လေဆိပ်ရှေ့ ဒီနေရာလေးကို ကြည့်မိရင်း အမှတ်ရမိ စရာလေးတစ်ခု တွေ့သည်။

ဖေ့စ်ဘွတ်ထဲမှာ တွေ့တာတော့ အမျိုးသားခေါင်းဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ မြို့အ၀င် မုခ်ဦးကြီးတစ်ခု ဆောက်မယ်တဲ့။ ပန္နက်ချတာလည်း တွေ့သည်။ အခုလောလောဆယ်တော့ ဘာမှလုပ်နေတာ မတွေ့။ ဒါကြီးပြီးရင်တော့ ကော့သောင်းမြို့မှာမှ ဂုဏ်ယူစရာ မြို့အ၀င်ကြိုဆိုရေး ဆိုင်းဘုတ် ၄ ခု တောင်ရှိတဲ့အကြောင်း ဖေ့စ်ဘွတ်ပေါ် တင်ပြီး ကြွားရတော့မည် ပေါ့လို့လည်းတွေးနေမိသည်။ အရင်ကတော့ ကိုယ်တွေလည်း ထင်မြင်ချက်တွေပေး၊ အကြံပြုတာတွေ လုပ်ပေးဖူးခဲ့ပေမဲ့ အမြင်မတူတဲ့သူတွေ တောပြော၊ တောင်ပြောတာ မခံစားနိုင်တော့လို့ ဘာမှမှတ်ချက် မပေးဖြစ်ခဲ့တော့ပါဘူး။

ထိုနေရာလောက်ညာဘက်က မီး ရောင်မရှိတဲ့နေရာကနေ ဦးထုပ်ခပ်ငိုက် ငိုက်ဆောင်းထားတဲ့ လူတစ်ဦး ကားကို လှမ်းတားတာ တွေ့ရသည်။ ပုံမှန်ဆို လူပုံလူပန်း အကဲခတ်ပြီးမှ ကားရပ်ပေးလေ့ ရှိပေမဲ့ ဒီတစ်ခါ အလိုအလျောက်ရပ်ပေးမိ သည်။ မြင်းစီးကြေးရုပ်နား လမ်းကြုံလိုက် မယ်လို့ပြောတော့ အဲဒီနားထိမရောက်ဘူး လို့ ပြောမယ်ကြံကာရှိသေး ကားနောက်ခန်းမှာ ၀င်ထိုင်နေပြီး ဖြစ်သည်။ လမ်းကြုံ လိုက်လာသူရဲ့ ဗမာပီသလွန်းတဲ့အသံနဲ့ သူ့ရုပ်ရည်ကို ရင်းရင်းနှီးနှီးမြင်ဖူး နေပေမဲ့ စဉ်းစားလို့မရဘူး။ ပြီးတော့ လူကောင်းလူဆိုး မသိသေးတော့ “ဦးလေး တစ်ယောက်ထဲလား ခင်ဗျ”” ဆိုပြီး မေးတော့ “အေး”တဲ့ ပြီးတော့ ““ဒီမယ် မင်းက ငါ့ကို ဘာလို့နောက်လှည့်ပြီး ခဏ ခဏ ကြည့်နေတာလဲ၊ ငါ့ကို မသိဘူးလား”တဲ့။ “ကျွန်တော် မြင်ဖူးသလိုရှိလို့ ကြည့် မိတာပါ”ဆိုတော့ “ငါလေကွ နတ်မောက် သား အောင်ဆန်းလေ၊ မင်းတို့ပြောပြော နေတဲ့ ဗိုလ်ချုပ် အောင်ဆန်းလေကွာ”တဲ့။ ကျွန်တော်လည်း ကားပေါ်မှာ ကြက်သီး တဖြန်းဖြန်းထပြီး ဘာပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ ပါတယ်။ ဒါပေမဲ့ ကြောက်စိတ်တော့ စိုးစဉ်းမှ မဖြစ်မိ။

ကျွန်တော်လည်း ၀မ်းသာရမလို၊ ၀မ်းနည်းရမလိုလို ဖြစ်သွားပြီး တစ်ခုခုကို ပြောပြချင်တဲ့စိတ်နဲ့ စကားစလိုက်ပြီး ကျွန်တော်လည်း ဘာပြောရမှန်း မသိတော့။

ခုနက စဉ်းစားနေတဲ့စကားဖြစ်တဲ့ “ဒီနေရာနားမှာ ဗိုလ်ချုပ်ရုပ်ပုံနဲ့ မြို့အ၀င်မုခ်ဦးကြီးတစ်ခုလုပ်ပြီး ဂုဏ်ပြုမယ်တဲ့ဗျ။”ဆိုတော့ သူက “ဒီမှာကွ တစ်နိုင်ငံလုံးမှာ ငါ့ရုပ်ပုံတွေ လုပ်တာ ဘယ်တော့ပြီးမှာလဲ”တဲ့။ “တစ်ခုတစ်ခု ကြည့်ရတာလဲ။ စပ်ဖြဲဖြဲ လုပ်လိုလုပ်၊ ပိန်ပိန်တွေ၊ ပုပုတွေ၊ မဲမဲတွေ၊ အိုမင်းမစွမ်းတွေ၊ လူရုပ်မပေါ်တာတွေ၊ ရှည်လမျောတွေ ဒါတွေက ဂုဏ်ပြုနေတာလား”တဲ့။

“အခုက ဗိုလ်ချုပ်ရုပ်ပုံနဲ့ ခံ့ခံ့ညားညားနဲ့ အ၀င်မုခ်ဦး ထိပ်တည့်တည့်မှာ ထားမှာပါ ခင်ဗျ”လို့ ကျွန်တော်လည်း ထစ်ထစ် ငေါ့ငေါ့နဲ့ ပြန်ဖြေမိခဲ့ပါတယ်။

“ဒီလိုမျိုးကြီးက မင်းဘယ်မြို့မှာ မြင်ဖူးလို့လဲကွ”တဲ့။ ကျွန်တော်ကလည်း “ဟိုလေ ထိုင်း . . ထိုင်း”လို့ ပြောကာရှိ သေး . .

“ငါက မြို့အ၀င်ထိပ်ကနေ လာသမျှ လူကို ကြိုရမှာဆိုတော့ ဟိုတယ်က ဧည့်ကြိုဝန်ထမ်း မဟုတ်ဘူးကွ” တဲ့။

“မင်းတို့မြို့ကို ပုံစံအမျိုးမျိုး၊ စရိုက် အမျိုးမျိုးနဲ့ လူကောင်းမှန်း မသိ၊ လူဆိုးမှန်းမသိသူတွေကို ငါလိုလူက ကြိုဆိုနေရမယ်ဆိုတာ စဉ်းစဉ်းစားစား လည်းလုပ်ကြပါဦးကွ၊ ပြီးတော့ ဘုရားပင့်နေတာတွေ၊ ရဟန်း၊ သံယာတွေ၊ သက်ကြီးဝါကြီးတွေ ဒီအောက်က ဖြတ်သန်းကြွရောက်မယ်ဆိုရင်လည်း လူဝတ်ကြောင် ငါ့အတွက်အဆင် ပြေပါမလားကွ။ လုပ်ချင်တာပဲ သိကြ တယ်။ လုပ်သင့် မလုပ်သင့် စဉ်းစားရကောင်း မှန်း မသိဘူး။ ငါတော့ အင်မတန်စိတ်ပျက် ပါတယ်ကွာ”တဲ့။

ကျွန်တော်လည်း ကားမောင်းရင်း ဘာပြန်ပြောရမှန်းမသိ ကျွန်တော်တို့ ဗိုလ်ချုပ် စိတ်ပြေလို စိတ်ပြေငြားနဲ့ ၃ မိုင် ကမ်းနား ဘက် မြေထိန်းနံရံကို လက်ညှိုးညွှန်ပြပြီး “ဒီရင်ပြင်ကို ဗိုလ်ချုပ်နာမည်မှည့်ရင် ကောင်းမှာပဲနော်၊ ဒါမှနောက်လာ နောက် သားတွေ ဗိုလ်ချုပ်ကို အမှတ်ရနေမှာ နော်”လို့ ပြောကြည့်ကာမှ “ဘာကွ မင်းက ငါ့ကို နာမည်ဖျက်ဦး မလို့လား၊ အခု မင်းကားမောင်းနေတဲ့ လမ်း ဘာလမ်းလဲ ကွ”တဲ့ “ဗိုလ်ချုပ်လမ်းလို့ခေါ်ပါတယ်”လို့ ဖြေမိပါတယ်။ “ငါသွားမယ့်နေရာက ကောကွ”တဲ့။ “ဗိုလ်ချုပ်မြင်းစီးရုပ်ပါ” ဆိုတော့။ “အခု ဒီနေရာတွေ ရှိနေပြီးသားပဲ၊ ရရောပေါ့ကွာ”တဲ့။

“ဒီလို နာမည်မှည့်လိုက်တာက မင်း တို့ ငါကို ချစ်ရာရောက်တယ်လို့ ထင်နေ တာကကို မဟာအမှားကွ။ ငါ့နာမည်နဲ့ နေရာတွေ များလာရင် ဘာဖြစ်လာမှာ လဲ”တဲ့။

“နောက်လာမယ့် လူငယ်တွေကြားမှာ ဗိုလ်ချုပ်ကို အတုယူနိုင်အောင်ပါ”လို့ ပြန် ဖြေမိပါတယ်။ “အခုကော အတုယူကြလား”ဆိုတော့ ကိုယ်မှာဖြေစရာ စကားမရှိတော့။

“ဒီမယ်ကွ မင်းတို့က င့ါကို အတုယူ စေချင်ရင် ဒီလိုနာမည်တွေ လျှောက်ပေး တာတို့၊ ငါ့ပုံကိုတွေ့ကရာ ကောက်လုပ် တာတို့က နည်းလမ်း မဟုတ်သေးပါဘူး ကွာ။ ကောင်းမြတ်တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင် လုပ်ရမှာကွ။ အာဇာနည်နေ့ဆို ငါတို့ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ် အကြောင်းရှင်းပြတဲ့၊ ဟောပြောပွဲ တွေ လုပ်တဲ့လူနဲ့ ငါတို့ကိုချစ်တယ်လို့ ပြောပြောပြီး ဘာမှမလုပ်တဲ့လူ ဘယ်ဒင်း က များလဲဆိုတာ မင်းလည်း သိတာပဲကွ။ ပြီးခဲ့တဲ့ အာဇာနည်နေ့ကဆို မြို့တစ်မြို့ ထဲမှာ ပန်းခွေချတဲ့ နေရာ ၃ခုတောင် ဖြစ် သွားတယ်တဲ့။ တကယ်ဆို တစ်ခုတည်း ဖြစ်အောင်လုပ်၊ ညီညီညွတ်ညွတ်နဲ့ အင်အားစုတွေ ပေါင်းပြီး ငါ့တို့ အာဇာနည် တွေ ဖြစ်စေချင်တဲ့ လမ်းစဉ်တွေကို အသိ ပညာဝေငှတာတွေ၊ ဟောပြောပွဲတွေ များများ လုပ်ဖို့ လိုမယ်ကွ”။

စကားပြောရင်းနဲ့ပင် ပိတောက်ရွှေဝါအ၀ိုင်းပတ်ကိုကျော်ပြီး မြင်းစီးရုပ်နား ရောက်ခါနီးတာ ကျွန်တော်လည်း သတိ ထားမိတယ်။ မြင်းစီးရုပ်နဲ့နီးလာလေ စကားလည်း ကောင်းလာလေ ဖြစ်လာ သည်။

ဗိုလ်ချုပ်ပြောမှပဲ စဉ်းစားမိသည်။ တချို့တွေတော့ အာဇာနည်နေ့ကို ဂုဏ် ပြုကြိုဆိုသောအားဖြင့်ဆိုပြီး ခပ်တည် တည်နဲ့ ပွဲတွေ ထလုပ်နေတာမျိုး တွေ့ရ သည်။ ကိုယ်လုပ်တဲ့အလုပ်က ဘယ်နေရာ ရောက်သွားတာလည်းဆို တွေးမိပုံ မရကြ။

“အဓိကတော့ကွာ အာဇာနည်နေ့မျိုး မှာ ဒီနေရာမှာ တစ်ခတ်တစ်ခါတုန်းက ခက်ခက်ခဲခဲ ပန်းခွေချခဲ့ရတာတွေကိုငါ အသိအမှတ် ပြုပါတယ်ကွာ။ ဒါပေမဲ့ ငါ့ကိုမြင်ရင် ပန်းခွေချဖို့ချည်းပဲ စဉ်းစား ကြတာမျိုး မလိုချင်ဘူးကွာ။ လိုနေတာ ပန်းခွေ မဟုတ်ဘူး၊ မျိုးဆက်သစ်တွေ ရှေ့ဆက်ပြီး ဘာတွေလုပ်ကြမှာလဲဆိုတဲ့ ပန်းတိုင်ကွ။ ပန်းတိုင်လိုနေတာကို ပန်းခွေနဲ့ချည်းပဲ မလဲကြပါနဲ့။ စိတ်ဓာတ် ကို လုပ်ရပ်တွေနဲ့ သက်သေပြကြပါကွာ” လို့ ပြောဆိုလျက် “ဒီနားမှာ ရပ်ပေးပါ”လို့ ပြောရင်းဆိုရင်း ကားပေါ်မှ ဆင်းသွားပါ တော့တယ်။

ကျွန်တော်လည်း စဉ်းစားရင်းနဲ့ လက်ပြ၍ ကားပေါ်မှာ ကျန်ခဲ့ပါလေရော ခင်ဗျ။

ဒီအချိန်မှာအစ်ကိုရေ လက်တစ် ထောင်ထောင်နဲ့ ဘာလုပ်နေတာလဲလို့ လာကြိုသူ ကိုလွမ်းက လှမ်းမေးတော့မှ

ကျွန်တော်လည်း မျက်လုံးမဖွင့်နိုင် သေးဘဲ တအင်းအင်း တအဲအဲနဲ့ပင် “ကား ပေါ်ကနေ နှုတ်ဆက်နေတာပါ ခင်ဗျ”

“ဘာလဲ အိပ်မက်မက်နေပြန်ပြီလား ဗျ”ဆိုတော့ ကျွန်တော်က “အဲ . . .  ဟို ကား-ကား-ကား အိပ်မက်ဗျ။”

“အစ်ကိုရေ ဘာကားမှလည်း မရှိ ဘူး။ မိုးနည်းနည်းတော့ သည်းနေသေး တယ်။ တက်ချင်ရင် ဘေးတွဲဆိုင်ကယ်

ပေါ်တက်လို့ဆိုလိုက်မှပဲ ကျွန်တော် တစ်ယောက် ဒီတစ်ခါလည်းထိုင်လျက် အိပ်ပျော်သွားလို့ အိပ်မက်မက်နေပြန် ပါလားလို့ ဆင်ခြင်မိပါတယ်။

အိမ်ရှင်ဆရာတို့ကို နှုတ်ဆက်ပြီး ဘေးတွဲကလေးနဲ့လေယာဉ်ကွင်းအရှေ့မြို့အ၀င်မုခ်ဦးဆောက်မယ့် နေရာရှေ့ မီးမှောင်မှောင်အနီးမှာ ဘယ်သူများ လှမ်း ခေါ်မလဲလို့ စဉ်းစားကာ မျက်လုံးဝေ့ကြည့် သော်လည်း ဘာမှမမြင်ရ။ တကယ်အပြင် မှာများတွေ့ရင် ဗိုလ်ချုပ်က ပိုလို့တောင် ပြောစရာတွေ ရှိနေနိုင်သလို တကယ်တော့ ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်းကို ချစ် ရာ၊ လေးစားရာ မရောက်တဲ့အလုပ်တွေ ဘယ်ထိတောင် ရှိနေကြမှာလဲ။

ဗိုလ်ချုပ်ကို ချစ်ခင်ရင်လေးစား ကြရင် ရုပ်တုလုပ်ချင်တာများ တည် တည်တံ့တံ့ ခံ့ခံ့ထည်ထည်လုပ်လို့ ရနေပါလျက်နဲ့ ၊ ဘယ်လို တွေးခေါ်နေကြ ပါလိမ့်ဆိုတာ တွေးမိပါတယ်။ ပြီးတော့ တန်ဖိုးရှိတဲ့အရာဆိုတာ နေရာတကာမှာ အရမ်းပေါများနေစေလို့ မရဘူးဆိုတာနဲ့၊ ဗိုလ်ချုပ်ကို မျက်ကန်းအချစ်မျိုးကတော့ မဖြစ်သင့်ပါဘူးလို့ အိမ်အပြန်လမ်းမှာ  စဉ်းစားတွေးတောကာ ဘေးတွဲဆိုင်ကယ် ပေါ်ကနေ ကျွန်တော်ကတော့ မှတ်သား တွေးတောစရာတွေ အပြည့်နဲ့ အလွန်ငြိမ့် ညောင်းသော ဘေးတွဲဆိုင်ကယ်လေးကို စီးနင်းလိုက်ပါရင်း ပြန်ခဲ့လေတော့ သတည်း။     ။

 

အောင်ဇာနည်စိုး