တနင်္သာရီဂျာနယ်အမှု ဇန်နဝါရီလဆန်း အပြီးသတ်လျှောက်လဲချက် ပေးမည်

0
865
မဲဆွယ်အပြုံးသရော်စာတွင်ဖော်ပြသော ပုံ။

တနင်္သာရီဂျာနယ်တွင် သရော်စာ ရေးသားဖော်ပြမှုကြောင့် တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၀ ရက်တွင် အပြီးသတ် လျှောက်လဲချက် ပေးမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ်တရားရုံးနှင့် တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာထံ မှ သိရသည်။

အဆိုပါ အမှုတွင် တရားခံပြသက်သေ ရှစ်ဦးကို စာရင်းတင်သွင်းထားပြီး ဒီဇင်ဘာလ ၂၇ ရက် ရုံးချိန်းတွင် နောက် ဆုံးကျန်ရှိသည့် တရားခံပြသက်သေနှစ် ဦးမှာ မအားလပ်သည့်အတွက် ပယ်ဖျက် ပေးရန် လျှောက်ထားခဲ့ကြောင်း တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် က ဆိုသည်။

“သက်သေနှစ်ယောက်ကျန်တာကို ပယ်လိုက်တယ်၊ ခရီးသွားရက်တွေနဲ့ လာ တိုက်နေလို့” ဟု တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံး မှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့ နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

မဲဆွယ်အပြုံး သရော်စာအမှု၏  ၂၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ယခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။

၃၂ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာလ ၂၇ ရက်တွင် တရားခံပြသက် သေနှစ်ဦးကို စာရင်းပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ပြီး နောက်ထပ်ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်ကို ပြန်ချိန်းထားကြောင်း ထားဝယ်မြို့နယ် တရားသူကြီးဦးကျော်မြင့်က ဆိုသည်။

ယင်းရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲ ချက်များကို အပြီးသတ် ကြားနာမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

“အပြီးသတ်လျှောက်လဲချက်ပြီးရင်တော့ (ကြားနာပြီး နောက်ရုံးချိန်း) အပြီး သတ် အမိန့်ချမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

မြို့နယ်တရားရုံးတွင် ၁၅ ကြိမ် မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်၌ အမှုပယ် ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီ ဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံလျှောက်ထားခဲ့ရာ တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက် တွင် အမှုအား မပယ်ဖျက်ရန် “ပလပ်” အမိန့်ချမှတ်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စု တရားလွှတ် တော်ချုပ်ထံ ချေဖျက်ပေးရန် ထပ်မံလျှောက် ထားရာ အောက်တိုဘာလ ၂၆ ရက်တွင် လျှောက်ထားမှုကို လက်မခံဘဲ ပလပ် ခဲ့သည်။

ကိုဇော်

 

ဆက်စပ်သတင်းများ >>>>တနင်္သာရီဂျာနယ်အမှု တရားခံပြသက်သေများကို ယခုနှစ်အပြီးစစ်မည်