မြိတ်ကျွန်းခရီးစဉ်များတွင် ပလပ်စတစ်ရေသန့်ဘူးအစား ဖန်ဘူးအစားထိုးမည်

0
990
အစားထိုးမည့် ဖန်ဘူးများအားတွေ့ရစဉ်။ ဓာတ်ပုံ - ကိုဆန်း

ပလပ်စတစ်အမှိုက်လျော့နည်းစေရန်အတွက် ကျွန်းခရီးစဉ်ပို့ဆောင်နေသည့် မြိတ်အခြေစိုက် ခရီးသွားကုမ်္ပဏီအချို့ ပလပ်စတစ်ရေသန့်ဘူးများအစား ဖန်ဘူး များ အစားထိုးရန် စီစဉ်လျက်ရှိကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက်္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

ကျွန်းများပေါ်တွင် ပလပ်စတစ် အမှိုက်လျှော့ချရေးအတွက် ခရီးသွား ကုမ်္ပဏီများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က အစည်းအဝေးခေါ်ယူကာ တိုက်တွန်း ထားပြီး ယခုလမှစတင် လုပ်ဆောင်ကြ မည်ဖြစ်ကြောင်း ဒေါက်တာသိန်းဆွေမြင့်က ဆိုသည်။

လက်ရှိတွင် ခရီးသွားကုမ်္ပဏီငါးခုခန့် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

“ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ် ငန်းဖြစ်အောင် အားလုံးက ပူးပေါင်းပါဝင် ဖို့တော့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင်က ကျွန်းခရီးစဉ်များ သွားရောက်လည်ပတ်ခဲ့သည့် ခရီးသည်များ အား ပလပ်စတစ်ရေသန့်ဘူးများ၊ ပလပ် စတစ်အအေးဘူးများ ပေးဝေခဲ့သော်လည်း နောက်ထပ်ပေးတော့မည် မဟုတ်ကြောင်း Mergui Dolphin ခရီးသွားကုမ္မဏီ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

“ခရီးသွားတွေက တစ်နှစ်ထက် တစ်နှစ် ပိုများလာသလို ကျွန်းပေါ်မှာ ပလတ်စတစ်အမှိုက်တွေ များလာမှာကို မလိုလားဘူး၊ သန့်သန့်ရှင်းရှင်းလေး ဖြစ်စေချင်တယ်”ဟု မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

ခရီးသွားတစ်ယောက်ချင်းစီအား သောက်ရေ သို့မဟုတ် အအေးထည့် နိုင်သည့် ယင်းဖန်ဘူးတစ်လုံးစီ လက် ဆောင်ပေးသွားမည်ဖြစ်ပြီး ရေကုန်လျှင် ဧည့်လမ်းညွှန်များက ရေသန့်ပြန်ဖြည့် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ မုန့်တွေအစား သဘာဝ ဖက်ထုပ်မုန့်တွေပဲ ခရီးစဉ်အတွင်း ကျွေးဖို့လည်း စီစဉ်နေ ပါတယ်”ဟု ဦးမြင့်သန်းက ဆိုသည်။

ပလပ်စတစ်ဘူးအစား ဖန်ဘူးများ ကို အသုံးပြုခြင်းက သဘာဝပတ်ဝန်းကျင် မထိခိုက်မှုအတွက် ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း မြိတ်ဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းမင်းလတ်က ပြောသည်။

သို့သော် ဖန်ဘူးများကို စနစ်တကျ ပြန်လည်သိမ်းဆည်းရန် လိုအပ်သည်ဟု ဦးထွန်းမင်းလတ်က ထောက်ပြသည်။

“ဖန်ပုလင်းတွေ ယူပြီး စနစ်တကျ ပြန်သိမ်းမသွားဘူးဆိုရင် အဆင်မပြေဘူး ဖန်ပုလင်းက ကွဲတတ်တဲ့သဘောရှိတော့ ကမ်းခြေလာသူ အများအားဖြင့်က ဖိနပ်စီးကြတာ မဟုတ်ဘူးဆိုတော့ ခြေပြတ်ရှ မယ့် အန်္တရာယ်တော့ ရှိတယ်။ စနစ်တကျ ပြန်သိမ်းဖို့တော့ လိုတာပေါ့”ဟု ၎င်းက ဆိုသည်။

မြိတ်အခြေစိုက်ခရီးသွားကုမ်္ပဏီ များသည် သမီးလှကျွန်း၊ လေးကျွန်း၊ ဒုံးရေတံခွန်ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း၊ စမတ်ကျွန်း၊ ကြပ်လိပ်ကျွန်း၊ နတ်သမီး ရေတွင်းကျွန်း၊ ပြင်စဘုကျွန်း၊ လငန်းကျွန်း နှင့် ကျောက်ပြင်ကျွန်းတို့ကို ခရီးသည်များ ပို့ဆောင်ပေးလျက်ရှိကြောင်း ခရီးသွား ကုမ္မဏီအချို့ထံမှ သိရသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားဝန် ဆောင်မှု ကုမ်္ပဏီ ၃၂ ခုက ခရီးသည်ပို့ ဆောင်နေသည့် အမြန်ရေယာဉ် အစီးရေ ၃၀ ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာန မြိတ်ရုံးခွဲထံမှ သိရသည်။

 

                        ကိုဆန်း